Home
မြန်မာသတင်း
ရွှေဘိုမြို့နယ်အခွန်ဦးစီးမှူးနှင့် အကြီးတန်းစာရေးတို့ကို အဂတိလိုက်စားမှုဖြင့်အရေးယူ
DVB
·
July 2, 2019
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အခွန်ဦးစီးမှူးတယောက်နဲ့ အကြီးတန်းစာရေးတယောက်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ် အရေးယူလိုက်တယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။ ရွှေဘိုမြို့နယ်၊ အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်ဟာ ငွေကျပ် ၁၁ သိန်းကျော်ကို ကိုယ်ကျိုးအတွက်ယူခဲ့ပြီး အကြီးတန်းစာရေး ဒေါ်ညိုညိုဝင်း (ခ) မညိုကတော့ အားပေးကူညီခဲ့တယ်လို့ ဆိုပါတယ်။ ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာအုပ်စုက မြေကွက်နဲ့ ဆန်စက်အတွက် တံဆိပ်ခေါင်းဖိုး ကျသင့်ငွေကို ပိုပြီးတောင်းခံခဲ့တာကြောင့် တိုင်ကြားလာခဲ့တာပါ။ တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးရာမှာ အခွန်ဦးစီးဌာနမှူး ဦးအောင်အောင်ဟာ စုစုပေါင်းမြေကွက် ၂ ကွက် ဧရိယာ ၀ ဒသမ ၄၅၉ ဧကနဲ့ အဲဒီမြေပေါ်က အဆောက်အဦတို့ကို ကာလတန်ဖိုး သတ်မှတ်တာနဲ့ တံဆိပ်ခေါင်းခွန် ငွေပေးသွင်းဖို့အတွက် ငွေကျပ် သိန်း ၃၀ ကို ပိုင်ရှင်ရဲ့ကိုယ်စားလှယ်ဆီက တောင်းခံရယူခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပိုင်ရှင်အမည်နဲ့ မြန်မာ့စီးပွားရေးဘဏ်ကို အမှန်တကယ် တံဆိပ်ခေါင်းခွန် ပေးသွင်းတဲ့ ငွေသွင်းချလန်မှာ တံဆိပ်ခေါင်းခွန် ကျသင့်ပေးသွင်းငွေကတော့ ကျပ် ၁,၈၇၈,၀၀ဝ ပဲဖြစ်လို့ ကျပ် ၁,၁၂၂,၀၀ဝ ကို ပိုယူခဲ့တာ ပေါ်ပေါက်တယ်လို့ ဆိုပါတယ်။ ဒါဟာ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့တာဖြစ်လို့ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်အောင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆နဲ့ အမှုဖွင့်ထားသလို အကြီးတန်းစာရေး ဒေါ်ညိုညိုဝင်း (ခ) မညိုကိုတော့ ပုဒ်မ ၅၆/၆၃ အရ ရွှေဘိုမြို့မရဲစခန်းမှာ ဒီနေ့ ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ် တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024