ပြန်ကြားရေးဝန်ကြီးဟောင်းအပါအ၀င် ၃ ဦးကို သူရဦးရွှေမန်း၏ ယာဉ်မောင်းက အမှုဖွင့်
အောင်ကိုကိုလတ် (နေပြည်တော်)
·
July 2, 2019
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေနဲ့ ဦးဘိုဘိုကျော်ငြိမ်းတို့ကို သူရဦးရွှေမန်းရဲ့ ယာဉ်မောင်းက နိုင်လွတ်လုံဥပဒေ ပုဒ်မ ၁၀ နဲ့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပတ္တာနယ်မြေရဲခန်းမှာ အမှုဖွင့်ထားတယ်လို့ နယ်မြေရဲစခန်းက သိရပါတယ်။
ပတ္တာရဲစခန်းတာဝန်ရှိသူတဦးက“ယာဉ်မောင်း ဦးမျိုးမင်းလတ် အမှုဖွင့်တယ်ဆိုတာ မှန်ပါတယ်။ ဒီမှုက ၂ လကျော်လောက်ရှိပြီဗျ။ တိုင်ကြားလာတော့လည်း တိုင်ကြားမှုနဲ့ ပတ်သက်ပြီးတော့ လုပ်ထုံးလုပ်နည်းတွေနဲ့ အမှုစစ် ရဲတွေကတော့ စစ်ဆေးနေပါတယ်” လို့ပြောပါတယ်။
ဒီအမှုကို သူရဦးရွှေမန်းရဲ့ ယာဉ်မောင်းတဦးဖြစ်တဲ့ ဦးမျိုးမင်းလတ်က ဧပြီလ ၃၀ ရက်နေ့ကတည်းက လာရောက်အမှုဖွင့်ခဲ့တာဖြစ်တယ်လို့လည်း ရဲစခန်းကပြောပါတယ်။
တိုင်ကြားခံရမှုနဲ့ ပတ်သက်ပြီးတော့ ဦးလှဆွေကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရမှာတော့ “မှန်ပါတယ်ဗျ၊ အဲ့ဒါစွဲတာမှန်တယ်။ ၃၀ ရက်နေ့က ကျနော်အိမ်ကို စခန်းမှူးရယ်၊ အမှုစစ်ရယ် စုစုပေါင်း ရဲအရာရှိ ၄ ယောက်လာစစ်ပါတယ်။ သူတို့က ဦးရွှေမန်းကတိုင်ထားပါတယ် ဆိုပြီး တော့လာတယ်။ လာပြီးတော့ပဏာမ စစ်ဆေးချက်ပေါ့၊ သူတို့ဒါတွေ ဒါတွေ တိုင်ထားတယ်ပေါ့။ ဒါတွေ ဒါတွေ ပြောခဲ့ပါသလားပေါ့လေ ဟုတ်ကဲ့ ကျနော် ပြောခဲ့ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
အဆိုပါပုဂ္ဂိုလ် သုံးဦးကို ဘာကြောင့် နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေနဲ့ တရားစွဲထားတာလည်းဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။
ဒီဥပဒေရဲ့ ပုဒ်မ ၈ မှာဆိုရင် နိုင်ငံသားတဦးရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ မိသားစုရေးရာ ကိစ္စတွေမှာ အဓမ္မ ၀င်ရောက် စွက်ဖက်တာ၊ လူတဦးရဲ့ ဂုဏ်သိက္ခာနဲ့ ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်တာနဲ့ ထိခိုက်စေတဲ့ တနည်းနည်းနဲ့ ဆောင်ရွက်ခြင်းမပြုရလို့ ပြဋ္ဌာန်းထားပါတယ်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေကတော့ ခုလို တရားစွဲထားတာနဲ့ ပတ်သက်ပြီး အမှုရင်ဆိုင်သွားမယ်လို့လည်းပြောပါတယ်။
“လူထုမီဒီယာနဲ့ တွေ့ဆုံမှုမှာ ပါတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ပေါ့ဗျာ၊ အဲ့ဒါတွေက သူတို့ကို တိုက်ခိုက်တယ်ပေါ့။ ကျနော်ပြောတဲ့ စကားလုံးတွေက သူတို့ကိုထိခိုက်စေတယ်ပေါ့ဗျာ။ ဆက်လက် ရင်မဆိုင်လို့လည်း မရတော့ဘူးလေ။ ရင်ဆိုင်ရမှာပေါ့။ ဒါပေမယ့် အမှုရုံးချိန်း ရောက်တဲ့အခါ တရားရုံးရောက်ရင် ကျနော်က ‘ဦးရွှေမန်း၊ ခင်ဗျား ကျနော်ဒီလို၊ ဒီလိုပြောတယ်၊ ခင်ဗျား မဟုတ်ဘူးလား’ ဆိုပြီးတော့ အဲ့လို မျက်နှာချင်းဆိုင် မေးရမှာဆိုတော့ ကျနော် ပျော်တယ်ဗျ" လို့ ဦးလှဆွေက ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကတော့ သူ့ဆီကို ဘာမှ အကြောင်းကြားတာ မရှိသေးတဲ့အကြောင်းနဲ့ တရားစွဲတယ် ဆိုရင်လည်းသူ့အနေနဲ့ ဦးရွှေမန်းကို တရားရုံးရှေ့မှာ သူရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်နိုင်တဲ့ အခွင့်အရေး ရတယ်လို့ မြင်တဲ့ အကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာ ရေးထားပါတယ်။
သူရဦးရွှေမန်းနဲ့ နီးစပ်သူ တဦးကတော့ “ အသားလွတ်တိုက်ခိုက်တာများပြီဆိုတော့ အဘ တပည့်ထဲက တဦးဦးက မခံနိုင်လို့ ထပြီးလုပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဥက္ကဋ္ဌကြီးနဲ့ ကျနော်တို့ မသိသေးပါဘူး။ ဥက္ကဋ္ဌကြီးရဲ့ သဘောတူညီမှုလည်း မပါနိုင်ပါဘူး။ သို့သော် တရားစွဲခဲ့တဲ့တိုင်အောင် စွဲသူရဲ့ အခွင့်အရေးဖြစ်လို့ ဥက္ကဋ္ဌကြီးက ၀င်စွက်ဖက်မှာ မဟုတ်ပါဘူး” လို့ပြောတယ်။
နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခံရသူဟာ အနည်းဆုံး ၆ လကနေ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ် ချမှတ်နိုင်ပြီး အနည်းဆုံး ကျပ် ၃ သိန်းကနေ အများဆုံး ကျပ် ၁၅ သိန်းအထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။