ဖီဖာနည်းစနစ်အကြံပေးနှင့် မြန်မာဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများ ဆွေးနွေး

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ရဲ့ နည်းစနစ်အကြံပေး Mr Dato' Yap Nyim Keong ဟာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အဖွဲ့ချုပ်ရဲ့ နည်းစနစ်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံချက်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ ဖီဖာက FIFA Forward 2.0 Development Programme ဖွံ့ဖြိုးရေး အစီအစဉ်တွေ၊ နည်းဥပဒေသစ်တွေနဲ့ စပ်လျဉ်းပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ဆွေးနွေးပွဲ ပြုလုပ်နေတာလို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ ဇူလိုင် ၁ ရက်နေ့ MFF ရုံးမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးအတွင်း မစ္စတာ ဒါတိုရက်ပ်ဟာ မြန်မာဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်၊ နည်းစနစ်ဒါရိုက်တာ မစ္စတာအဲရစ်တို့နဲ့ တွေ့ဆုံခဲ့ပြီး MFF ရဲ့ နည်းစနစ်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံချက်တွေကို သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။  ဒါတိုရက်ပ်ဟာ ညနေပိုင်းမှာ FIFA Forward Programme အရ တည်ဆောက်နေတဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ Futsal Indoor Stadium ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဒါတိုရက်ပ်ဟာ ဇူလိုင် ၂ ရက်နေ့မှာလည်း ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့အတူ လူငယ်ဖွံ့ဖြိုးရေး တာဝန်ခံ၊ အမျိုးသမီးဘောလုံး တာဝန်ခံ၊ နည်းပြသင်တန်း တာဝန်ခံ၊ ပြိုင်ပွဲကျင်းပရေး တာဝန်ခံ၊ ဖူဆယ်ဘောလုံး တာဝန်ခံ၊ လက်ရွေးစင်အသင်း နည်းပြတွေနဲ့ ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပမှာပါ။ ဇူလိုင် ၃ ရက်နေ့မှာလည်း ဒါတိုရက်ပ်ဟာ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးတို့နဲ့ တွေ့ဆုံပြီး သူ့ခရီးစဉ်နဲ့ ဆွေးနွေးမှုတွေကို ပြန်လည်သုံးသပ်သွားမယ်လို့ သိရပါတယ်။ ဖီဖာအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေအား ဖွံ့ဖြိုးရေး အစီအစဉ်တွေနဲ့ ပံ့ပိုးကူညီနေသလို အဖွဲ့ဝင် နိုင်ငံတွေရဲ့ ဆောင်ရွက်ကြိုးပမ်းချက်တွေကိုလည်း မှန်ကန်တိကျခြင်း၊ ထိရောက်မှု ရှိခြင်း တို့အတွက် အခုလို လာရောက်တွေ့ဆုံတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up