Live
Home
မြန်မာသတင်း
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ ဒေသခံများစိုးရိမ်နေ
DVB
·
July 1, 2019
ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး ဒေသခံတွေရဲ့စိုးရိမ်မှုတွေ၊ မျှော်လင့်ချက်တွေ ပါဝင်တဲ့ အစီရင်ခံစာကို ကျောက်ဖြူကျေး လက်ဒေသဖွံ့ဖြိုးရေး အသင်းက ထုတ်ဝေလိုက်ပါတယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ဒေသခံများ၏ အနာဂတ် ဆိုတဲ့အစီရင်ခံစာကို ဇွန်လ ၃၀ ရက်က ကျောက်ဖြူဟိုတယ်မှာမိတ်ဆက် ထုတ်ပြန်လိုက်တာဖြစ်ပြီး  အစီရင်ခံစာပါ တွေ့ရှိချက်တွေကို ဆွေးနွေးတင်ပြ အကြံအဉာဏ်ရယူခဲ့ကြပါတယ်။ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ကျောက်ဖြူကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်း ညှိနှိုင်းရေးမှူး ကိုထွန်းကြည်က “ဒီအထဲမှာ လက်ရှိဖြစ်နေတဲ့အခြေအနေရယ်၊ နောက်တချက်က ကျတော့ ဒေသခံတွေရဲ့ အနာဂတ်မှာ လက်ရှိဖြစ်လာနိုင်တဲ့ မျှော်မှန်းချက်ပေါ့၊ ဒီအထဲမှာ ကျနော်တို့ စိုးရိမ်ပူပန်မှုတွေရှိမယ်၊ အလုပ်အကိုင် အခွင့်အလမ်းအတွက် မျှော်လင့်ချက်တွေရှိမယ်၊ တခြားအကြောင်းအရာတွေ ပါမယ်ပေါ့လေ။ ဒီဟာတွေကို ကျနော်တို့ စုစည်းပြီးတော့ ဒီအထူး စီးပွားရေးဇုန် တည်ဆောက် လာတဲ့အခါမှာ အစိုးရအနေနဲ့ သတိထားဖို့လိုအပ်နေတဲ့ အကြောင်းအရာပေါ့နော်၊ ဥပမာ မြေလွတ်မြေရိုင်းပြဿနာ၊ တခြားရေလုပ်ငန်းဆိုင်ရာပြဿနာတို့ အဲလို ဒီမှာရှိနေတဲ့လူတွေရဲ့ စားဝတ်နေရေးကို အထိခိုက်ဆုံးနည်းအောင် အဓိကရည်ရွယ်ပြီးတော့ ကျနော်တို့က ဒီအစီရင်ခံစာကို ရေးသားတာ”လို့ ပြောပါတယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရဘက်ကလည်း ဒေသခံတွေကို ပွင့်ပွင့်လင်းလင်းချပြထားတွေကို မတွေ့ရှိရသေးသလို ဒေသခံတွေမှာလည်း စိုးရိမ်မှုတွေရှိနေတယ်လို့ အခမ်းအနားကို တက်ရောက်လာတဲ့ ဒေသခံ ဒေါက်တာ ထင်လင်းဦးက ပြောပါတယ်။ “ဇွန်လ ၂၈ ရက်နေ့ကပဲ၊ ပြည်ထောင်စုဝန်ကြီးနဲ့ဆွေးနွေးတယ်။ ကျောက်ဖြူ စီးပွားရေးဇုန်နဲ့ ဒီလောက်ပဲသိခွင့်ရပါတယ်။ အဲဒီမှာဘာတွေ အကောင်အထည်ဖော်မလဲ အသေးစိတ်ကိုတော့မသိရပါဘူး။ အဲဒီအတွက် ဒေသခံတွေဘက်ကလည်း သူတို့ ကျေးရွာနားမှာပေါ့ ဘယ်လိုစက်ရုံတွေတည်ဆောက်မှာလဲ၊ ဘာတွေအကောင်အထည်ဖော်မှာလဲ ဆိုတာကို စိုးရိမ်ပူပန် နေပါတယ်။ အထူးသဖြင့်တော့ အထူးစီးပွားရေးဇုန် ဆောက်လာရင် သူတို့အပေါ် ရိုက်ခတ်မှုပေါ့၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်ပြီးတော့”လို့ပြောပါတယ်။ အဆိုပါအစီရင်ခံစာကို ကျောက်ဖြူကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်းက ဦးဆောင်ကာ ကျေးရွာနေပြည်သူတွေ၊ ရေလုပ်သားတွေ၊ တောင်သူလယ်သမားတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်နိုဝင်ဘာလကလည်း ကျောက်ဖြူအထူး စီးပွားရေးဇုန်စီမံကိန်း၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများဆိုတဲ့အစီရင်ခံစာကို ထုတ်ပြန်ထားပါတယ်။ အဆိုပါအခမ်းအနားသို့ ကျောက်ဖြူမြို့ရှိနိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွင်းရှိ ကျေးရွာသားတွေ တက်ရောက်ခဲ့ကြပါတယ်။ အထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး ပိုမိုကောင်းမွန်တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေကို ထည့်သွင်းရေးဆွေးပေးနိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြတောင်းဆိုသွားမယ့် အချက်တွေကိုလည်း တက်ရောက်လာသူတွေက ဆွေးနွေးခဲ့ကြပါတယ်။ နောင်နောင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024