၁၂ ဘီးယာဉ် လက်ဖက်ရည်ဆိုင်ဝင်တိုက်၊ ၁ ဦးသေ ၇ ဦးဒဏ်ရာရ
DVB
·
July 1, 2019
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှာ ၁၂ ဘီးယာဉ်တစီး အရှိန်မထိန်းနိုင်ဘဲ လက်ဖက်ရည်ဆိုင်ဝင်တိုက်တာကြောင့် ၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ကျောက်ပန်းတောင်းမြို့နယ်၊ အောင်မင်္ဂလာ ရပ်ကွက်၊ ကျောက်ပန်းတောင်း- မိတ္ထီလာသွားကားလမ်း မိုင်တိုင်(၅၉/၃) အနီးမှာ ဇွန် ၃၀ ရက်နေ့ ညနေပိုင်းက အောင်ပြည့်ဖြိုး(ခ)အောင်အောင် မောင်းနှင်ပြီး ၁၂ ဘီးယာဉ်က အရှိန်မထိန်းနိုင်ဘဲ "ခန့်" လက်ဖက်ရည်ဆိုင်အား ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။
ယာဉ်တိုက်မှုကြောင့် လက်ဖက်ရည်ဆိုင်အတွင်းရှိ ဦးတင်မိုး (၆၇) နှစ်မှာ နဖူး၊ ရင်ဘတ် ဖူးရောင်ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့ကြတဲ့ လက်ဖက်ရည်ဆိုင်အတွင်းက ၄ ဦးနဲ့ ယာဉ်ပေါ်ပါ ၃ ဦးတို့ကို ကျောက်ပန်းတောင်းပြည်သူ့ဆေးရုံ ပို့ဆောင်ခဲ့ညပီး ၁ ဦး စိုးရိမ်ရတယ်လို့ သိရပါတယ်။
အောင်ပြည့်ဖြိုး(ခ)အောင်အောင်အား ကျောက်ပန်းတောင်းမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/သာမန်နာကျင်စေမှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။