အရပ်ဘက်အုပ်ချုပ်ရေး လွှဲပြောင်းပေးရန် ဆူဒန်ပြည်သူ ထောင်ချီဆန္ဒပြ

1K
ဆူဒန်နိုင်ငံ မြို့တော်ခါတွန်မှာ ဇွန်လ ၃၀ ရက်နေ့က ထောင်ချီတဲ့ ဆန္ဒပြသူတွေက ကာကွယ်ရေး ဝန်ကြီးဌာနရုံးရှေ့ ချီတက်ပြီး အရပ်ဘက် အုပ်ချုပ်ရေးလွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
တချိန်တည်းမှာပဲ ဘယ်သူဘယ်ဝါ မသိတဲ့ လက်ဖြောင့်သေနတ်သမားတွေရဲ့ လက်ချက်ကြောင့် အရပ်သား ၅ ယောက်နဲ့ ပြည်သူ့စစ် ရဲတပ်သား သုံးယောက် သေဆုံးခဲ့တယ်လို့ ဆူဒန် စစ်တပ်အုပ်ချုပ်ရေး အကြီးတန်းအရာရှိတယောက်က ပြောပါတယ်။
အသွင်ကူးပြောင်းရေး စစ်ဘက်ကောင်စီရဲ့ ဒုအကြီးအကဲ ဗိုလ်ချုပ်ကြီး မိုဟာမတ် ဟမ်ဒန် ဒါဂါလိုက နိုင်ငံပိုင်ရုပ်သံကနေ မိန့်ခွန်းပြောကြားမှုအတွင်း အဲဒီပစ်ခတ်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အကြောင်းအရာတွေကို မပြောခဲ့ပါဘူး။
ဆူဒန်နိုင်ငံတလွှား မြို့တွေမှာ ဆန္ဒတွေပြနေကြပြီး အက်ဘာရာမြို့က လူထုစုဝေးပွဲမှာ အသက် ၂၀ အရွယ်လောက်ရှိတဲ့ လူငယ်တယောက် ပစ်သတ်ခံခဲ့ရတယ်လို့ အတိုက်အခံနဲ့ ဆက်နွှယ်တဲ့ ဆရာဝန်အဖွဲ့တဖွဲ့က ပြောပါတယ်။
ဒါ့အပြင် ဇွန် ၃၀ ရက်က ဆူဒန်နိုင်ငံ အရှေ့ဘက် က ကာဆာလာမြို့မှာ ဆန္ဒပြသူတွေကို သေနတ်နဲ့ ပစ်ခတ်လို့ ထွက်ပြေးနေကြတဲ့ ရုပ်သံဖိုင်နှစ်ခုကို ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနရုံး အပြင်ဘက်မှာ ထိုင်သပိတ်ဆင်နွှဲနေသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖြိုခွင်းမှုအတွင်း လူ ၁၀၀ ကျော်သေဆုံးခဲ့တဲ့ ဇွန် ၃ ရက်နေ့ကတည်းက စပြီး မြို့တော် ခါတွန်မှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်လာခဲ့တာပါ။
ဧပြီ ၁၁ ရက်နေ့မှာ ဆူဒန်စစ်ဘက် ကောင်စီက သမ္မတ အယ်ဘာရှာကို ရာထူးက ဖယ်ရှားခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ရွေးကောက်ပွဲ ကျင်းပရေးခြေလှမ်း အကူးအပြောင်းကို ဘယ်လိုစီမံခန့်ခွဲမယ်ဆိုတာနဲ့ ပတ်သက်လို့ အတိုက်အခံနဲ့ ဆန္ဒပြသူ ညွန့်ပေါင်းအဖွဲ့နဲ့ စစ်ဘက်ကောင်စီအကြား ဆွေးနွေးပွဲပျက်ပြီးတဲ့နောက် ဆန္ဒပြသူတွေ ဖြိုခွင်းခံခဲ့ရတာပါ။