မီတာခတိုးမြှင့်သည့်အပေါ် ပုဇွန်တောင်တွင် ကန့်ကွက်ဆန္ဒပြ
DVB
·
July 1, 2019
လျှပ်စစ်မီတာခတွေ အစိုးရက တိုးမြှင့်ကောက်ခံမယ့်အပေါ် ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်မှာ ရပ်ကွက်နေပြည်သူတချို့က ဒီကနေ့ မနက်က ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ပြည်သူ့ဆန္ဒမပါတဲ့ မီတာခ တိုးမြှင့်မှုအလိုမရှိဆိုတဲ့ စာသားတွေကိုကြွေးကြော်ပြီး အလံတွေကိုင်ဆောင်ကာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
မီတာခတွေတိုးမြှင့်လိုက်တဲ့အတွက် ကုန်ဈေးနှုန်းတွေပါ လိုက်တက်မှာဖြစ်ပြီး ပြည်သူတွေရဲ့ စားဝတ်နေရေးထိခိုက်လာနိုင်တဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတဦးက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကတော့ မီတာခတိုးတွေ ကောက်လိုက်ပေမယ့် အခြေခံကုန်ဈေးနှုန်းတက်လာမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းက မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုထားပါတယ်။
ဒီလို မီတာခတိုးကောက်လိုက်တာဟာလည်း ပြည်သူတွေမီးမှန်မှန်ရဖို့နဲ့ လာမယ့် တနှစ်ခွဲကာလအတွင်းမှာ အိမ်တိုင်းမီးမှန်အောင်ရဖို့ ဆောင်ရွက်သွားမယ်လို့လည်း ပြောထား ပါတယ်။
ဝန်ကြီးချုပ်က အဲဒီလို ပြောကြားထားပေမယ့် ပြည်သူတွေအကြားမှာတော့ အခုလို မီတာခ တိုးမြှင့်ကောက်ခံတာနဲ့ ပတ်သက်လို့ ကုန်ကျစရိတ်တွေ ထပ်တိုးလာမှာကို စိုးရိမ်ပူပန်တာတွေ လည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။
ဒီကနေ့ ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်တဲ့ အိမ်ရှင်မတဦးကတော့ မီတာခ တိုးကောက်လိုက်တာနဲ့ အခြေခံကုန်ဈေးနှုန်း တက်လာမှာ ဖြစ်တယ်လို့ ပြောပါတယ်။
မီတာခ နှုန်းသစ်အရ အနိမ့်ဆုံး ၁ ယူနစ်ကနေ ယူနစ် ၃၀ အတွက် ၃၅ ကျပ်ကစပြီး ယူနစ် ၂၀၀ ကျော်အထက်ကို ၁၂၅ ကျပ်နှုန်းနဲ့ ကောက်ခံမှာ ဖြစ်ပါတယ်။
အသစ်သတ်မှတ်လိုက်တဲ့ မီတာခနှုန်းထားတွေအရ ယူနစ် ၁၀၀ အထက် သုံးစွဲတဲ့သူတွေဟာ မီတာခ ၂ ဆကျော်လောက်ပေးဆောင်ရဖို့ရှိနေတာပါ။
ဒီမနက် ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်သူတွေက ပြည်သူ့ဆန္ဒမပါသော မီတာခတိုးမြှင့်မှု (အလိုမရှိ)၊ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှု (ချက်ချင်းရပ်) ပြည်သူ့ ဆန္ဒအရေးပေးရေး (ဒို့အရေး) စတဲ့ကြွေးကြော်သံတွေကို အော်ဟစ်ကြွေးကြော်ပြီး ပုဇွန်တောင်မြို့နယ်တပတ် လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ချမ်းမြေ့မောင်