DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်းတောင်ဒေသကို အန်အယ်လ်ဒီကိုယ်စားလှယ် သွားရောက်
DVB
·
November 25, 2012
လက်ပန်းတောင်းတောင်ဒေသကို အန်အယ်လ်ဒီကိုယ်စားလှယ် သွားရောက်
Donate to DVB

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ သပိတ်စခန်းတွေ ဖွင့်လှစ်ပြီး တောင်းဆို ဆန္ဒပြနေတဲ့ ဒေသခံတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က နိုဝင်ဘာ ၂၅ ရက်နေ့က သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ဒေါ်ခင်စန်းလှိုင်ဟာ ကျင်းပပြီးစီးခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းဝေးမှာ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကို စုံစမ်းစစ်ဆေးဖို့အတွက် လွတ်လပ်တဲ့ ကော်မရှင်တခု ဖွဲ့စည်းပေးဖို့ တောင်းဆိုတာ လည်းဖြစ်ပါတယ်။ ဒေါ်ခင်စန်းလှိုင်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

“အဓိက သွားတာကတော့ လက်ပန်းတောင်းတောင်ခြေမှာရှိတဲ့ ဆန္ဒပြသူတွေနဲ့ တွေ့ဆုံဖို့ သွားတာပါ။”

လွှတ်တော်မှာ လွတ်လပ်တဲ့ ကော်မရှင်ဖွဲ့ဖို့ တင်ထားတာရှိတယ်လေ။ သမ္မတရုံးက အတည်ပြုပြီလား။ အဲအစီအစဉ်နဲ့လာတာလား။

“လွှတ်တော်ပြီးတော့ ကျမ ဥက္ကဋ္ဌနဲ့တွေ့ပါတယ်။ ဥက္ကဋ္ဌက လွှတ်တော်ကပြောလိုက်တဲ့ အချက်အလက်တွေအကုန်လုံးကို ဒေသခံတွေကို ကျမအနေနဲ့ ရှင်းပြပေးပါလို့ ဥက္ကဋ္ဌ ကိုယ်တိုင်ကလည်း မေတ္တာရပ်ခံပါတယ်။ ကျမ ကိုယ်တိုင်လည်း လွှတ်တော်ပြီးရင် ဆန္ဒပြသူတွေကို သွားရောက် တွေ့ဆုံအားပေးမယ်လို့ အစတုန်းက ဆုံးဖြတ်ထားသလို ဥက္ကဋ္ဌတာဝန်ပေးတာတပိုင်းရယ်၊ ပြည်သူတွေကို တွေ့ဆုံရမယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်ကလည်း တပိုင်းဆိုတော့ လာခဲ့တာပါ။”

ပြီးခဲ့တဲ့ သောကြာနေ့ညနေပိုင်း အန်တီတို့ လွှတ်တော်တင်ပြီးတာနဲ့ ပြည်ထောင်စု သမ္မတရုံးက ငြိမ်းချမ်းရေးကိုယ်စားလှယ် ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ တဖွဲ့ကလည်း လာသွားတာရှိတယ်။ သူကတော့ သမ္မတကြီးဆီ တင်ပြပေးသွားမယ်လို့ ပြောသွားတယ်။ အန်တီအနေနဲ့ရော မြင်ရတဲ့အချက်အလက်တွေကို တင်ပြဖို့ လိုသေးလား။

“တင်ပြပေးဖို့တော့ မလိုဘူး။ ဒါပေမယ့် အဲညနေက တင်ခဲ့တဲ့ ကျမအဆိုမှာလည်း ပါတယ်လေ။ လွတ်လပ်တဲ့ နိုင်ငံတော်အဆင့် ကော်မရှင်တရပ် ဖွဲ့စည်းပေးပါဆိုတဲ့ ကျမတောင်းဆိုချက်ပါတဲ့အတွက် ဒီကနေ့ ပြည်သူ့အသံတွေကို နားထောင်ချင်လို့ ကျမ ဥက္ကဋ္ဌကို ဘယ်တော့ ကော်မရှင်ဖွဲ့မှာလဲ၊ ဘယ်လိုလုပ်မလဲ ဒီကနေ့ ပြည်သူတွေရဲ့ တောင်းဆိုချက်ကတော့ ဘာပါဆိုတာတွေကိုတော့ ပြန်တင်ပြဖို့ ရှိပါတယ်။”

ဒေသခံပြည်သူတွေကတော့ ဒီစီမံကိန်းကိုလုံးဝဖျက်ဖို့ တောင်းဆိုတယ်။ ၀န်ကြီး ဦးအောင်မင်းတို့ကတော့ ဒါဟာ အရင်အစိုးရလက်ထက်ကတည်းက စာချုပ်ချုပ်ထားတယ် ဆိုပြီး ဖျောင်းဖျတာမျိုးရှိတယ်။ အန်တီအနေနဲ့ကရော ပြည်သူတွေတောင်းဆိုသလို အစိုးရက ရပ်ဆိုင်းပေးဖို့ လွယ်ပါ့မလား။

“ကျမအဆိုမှာကိုက ကျမတို့သဘောထားမှာ ရပ်ဆိုင်းဆိုတဲ့ စကားလုံးမသုံးပါဘူး။ ကျမတို့ ကော်မရှင်ဖွဲ့မယ်၊ ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာမှာ မူတည်ပြီးတော့ ဘယ်လိုတွေ ဆောင်ရွက်သင့်တယ်ဆိုရင် ဆောင်ရွက်သင့်တဲ့အချက်ပေါ်မှာ အခုတင်ပြထားတဲ့အတိုင်း၊ လွှတ်တော်က ကတိက၀တ်ပြုထားတဲ့အတိုင်း ဘယ်လိုဆောင်ရွက်မလဲဆိုတာကို စောင့်ကြည့်ဖို့ရာရှိတယ်။”

အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း သပိတ်စခန်းဖွင့်ဆန္ဒပြနေတဲ့ လက်ပန်းတောင်းတောင် ဒေသက ပြည်သူတွေနဲ့ တွေ့ဆုံဖို့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ သွားရောက်ဖို့ရှိပြီး မိန့်ခွန်းပြောကြားဖို့အတွက် မြေနေရာ ရှာဖွေနေတဲ့အကြောင်းကိုလည်း ဆန္ဒပြသမားတွေကို အကူအညီပေးနေတဲ့ ကိုဝင်းကျော်မှူးက ဒီဗွီဘီကို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ၂၉ ရက်နေ့လာမယ့် ကိစ္စမှာ လက်ပန်းတောင်းတောင်နဲ့ စံပယ်တောင်ကြား နေရာတခုရွေးနေတယ်။ သပိတ်စခန်းက ခေါင်းဆောင်တွေနဲ့ အဖွဲ့တွေက ကွင်းကောင်းကောင်းရွေးနေတယ် လူထုနဲ့တွေ့ဆုံဖို့ လေ။”

နိုဝင်ဘာ ၂၄ ရက်နဲ့ ၂၅ ရက်နေ့ကလည်း မုံရွာမြို့ပေါ်က ထင်ရှားတဲ့ ဇောတိကရာမ စာသင်တိုက်နဲ့ တခြား ဘုန်းတော်ကြီးကျောင်းတွေက သံဃာတော်တွေလည်း ဆန္ဒပြသမားတွေကို သွားရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013