Homeမြန်မာသတင်း
တရားမဝင်အဖွဲ့အား ငွေလှူဒါန်းမှု သံဃမဟာနာယကအဖွဲ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်ဟု သာသနာရေးထုတ်ပြန်
တရားမဝင်အဖွဲ့အား ငွေလှူဒါန်းမှု သံဃမဟာနာယကအဖွဲ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်ဟု သာသနာရေးထုတ်ပြန်
DVB
·
June 30, 2019

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တရားမဝင်ဘူးလို့ သတ်မှတ်ထားတဲ့ အဖွဲ့ကို အဖွဲ့စည်းကြီးတခုက ငွေကျပ်သိန်း ၃၀၀ လှူခဲ့တာဟာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်တဲ့ လုပ်ရပ်တခုအဖြစ် အများပြည်သူက ရှုမြင်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အမျိုးဘာသာ သာသနာကို အကြောင်းပြုပြီး အခြေအနေအရပ်ရပ်ကို ရှုပ်ထွေးအောင် လုပ်နေတဲ့ တရားမဝင်အဖွဲ့အစည်းတွေကို အချိန်မီ မရှင်းလင်းမဖယ်ရှားနိုင်ရင် အမျိုးဘာသာ သာသနာရဲ့ ဂုဏ်သိက္ခာဟာ အဖတ်ဆယ်လို့မရအောင် ထိခိုက်ကျဆင်းသွားနိုင်တာကြောင့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ပြည်သူတရပ်လုံးက ဝိုင်းဝန်းကူညီ ပူးပေါင်း ဆောင်ရွက်ကြဖို့ အချိန်တန်ပြီလို့ ဇွန် ၂၇ ရက်က အသိပေးနှိုးဆော်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ဇွန် ၁၇ ရက်က ရန်ကုန်၊ အင်းစိန်က အောင်ဆန်းတောရတပ်ဦးကျောင်းမှာလုပ်တဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)ရဲ့ နှစ်ပတ်လည် စုံညီတွေ့ဆုံပွဲနဲ့ ဩဝါဒခံယူပွဲမှာ အချက် ၇ ချက်ပါဝင်တဲ့ သဘောထားကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပြီး အဲဒီပွဲမှာ ဒုဥက္ကဋ္ဌ-၂ ဇွဲကပင်မဲဘောင်ကျောင်းဆရာတော် ဘဒ္ဒန္တကဝိဓဇက ဝရမ်းပြေးကြေညာခံထားရတဲ့ ဦးဝီရသူကို သာသနာ့သူရဲကောင်းလို့ မသင့်မလျော် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ပြီးတော့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တရားမဝင်လို့ သတ်မှတ်ထားတဲ့ အဖွဲ့ကို အဖွဲ့အစည်းကြီးတခုကနေ ငွေကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့တာဟာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်တဲ့ လုပ်ရပ်တခုဖြစ်တယ်လို့ အများပြည်သူက ရှုမြင်ကြတယ်လို့လည်း ဆိုပါတယ်။
အဲဒီ စုံညီအခမ်းအနားက "လက်ရှိ ဒီမိုကရေစီအစိုးရကို ဆန္ဒမဲမပေးဘဲ ရတဲ့နည်းနဲ့ ဆန့်ကျင် တွန်းလှန်ဖယ်ရှားပစ်ဖို့" အစရှိတဲ့ ကြေညာချက်တွေဟာ တရားမဝင်တဲ့ အသင်းအဖွဲ့တခုက အများပြည်သူ ရွေးချယ်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရကို ဖျက်လိုဖျက်ဆီးလုပ်ဖို့ စိန်ခေါ်တဲ့ ပြယုဂ်တခုဖြစ်တာကြောင့် အများပြည်သူက စောင့်ကြည့် တားဆီးကာကွယ်သွားဖို့ လိုအပ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ရှေးမြန်မာဘုရင်တွေလက်ထက်မှာ ဘုရင်က ရွေးချယ်တင်မြှောက်ပေးတဲ့ သာသနာပိုင် ဆရာတော်ကို အကြီးအမှူးပြုပြီး သံဃာ့အဖွဲ့အစည်းကြီးကို ဖွဲ့စည်းလို့ မင်းနေပြည်တော်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအထိ ဝိနည်းတော်နဲ့အညီ လိုက်နာ ကျင့်သုံးဆောင်ရွက်ခဲ့သလို သာသနာပိုင်ဆရာတော်ရဲ့ ဆုံးဖြတ် ညွှန်ကြားတာကို မလိုက်နာတဲ့ ရဟန်းတွေကို ဘုရင်ရဲ့ အာဏာစက်နဲ့ အရေးယူဆောင်ရွက်ခဲ့တယ်လို့ ဒီထုတ်ပြန်ချက်မှာ အစချီထားပါတယ်။
၁၉၈၀ ပြည့်နှစ်၊ မေလ ၂၄ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို ကျင်းပခဲ့ပြီး သံဃာ့ကိစ္စ သံဃာဆောင်ရွက်ဆိုတဲ့ မူနဲ့အညီ သံဃာ့ အဖွဲ့အစည်းအခြေခံစည်းမျဉ်းနဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းတွေ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း စတာတွေကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။
အဲဒီအစည်းအဝေးကြီးမှာ ရွေးချယ်တင်မြှောက်ခံရတဲ့ သံဃာ့ကိုယ်စားလှယ်တွေထဲက နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် အပါး ၃၀၀ ကို ဆန္ဒမဲနဲ့ရွေးချယ်ခဲ့ပြီး အဲဒီထဲက ၃၃ ပါးကို ထပ်ရွေးချယ်လို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးကို စတင်ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။
သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းအရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းမှာ သတ်မှတ်ထားတဲ့ ဂိုဏ်းပေါင်းစုံပါတဲ့ သံဃာ့အဖွဲ့အစည်း တခုတည်းပဲ ရှိရမှာဖြစ်သလို နိုင်ငံတဝန်း ထေရဝါဒသံဃာ့ဂိုဏ်းအသီးသီးက ရဟန်းသံဃာ ဟူသမျှဟာ သံဃာ့အဖွဲ့အစည်း အခြေခံ စည်းမျဉ်းအရ ဖွဲ့စည်းတဲ့ သံဃနာယကတဖွဲ့ဖွဲ့နဲ့ သက်ဆိုင်စေရပြီး သီးခြားကင်းလွတ် သီတင်းသုံး နေထိုင်ခွင့်မရှိဘူးလို့လည်း ဆိုပါတယ်။
သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းတွေအရ ဖွဲ့စည်းခွင့်တောင်းခံလာတဲ့ ဘာသာရေးဆိုင်ရာ သံဃာ့အဖွဲ့အစည်းတွေကို သံဃနာယကအဖွဲ့အစည်းအဆင့်ဆင့်ရဲ့ ကြီးကြပ်မှုခံယူစေပြီး ခွင့်ပြုနိုင်ပေမယ့် အဲဒီအဖွဲ့အစည်းတွေဟာ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ မရောထွေးရသလို သံဃနာယကအဖွဲ့ အဆင့်ဆင့်ရဲ့ ကြီးကြပ်တာကို မခံယူတဲ့ ဘာသာရေးဆိုင်ရာ သံဃာ့အဖွဲ့အစည်းတွေကို ခွင့်မပြုရဘူးလို့ သတ်မှတ်ထားပါတယ်။
ဒါပေမယ့် ဒီအချက်တွေကို မသိကျိုးကျွန်လုပ်ပြီး ရန်ကုန်တိုင်း၊ အင်းစိန် ရွာမပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ဦးဆောင်ပြီး အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)ကို ၂၀၁၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။
ဒီအဖွဲ့မှာပါတဲ့ရဟန်းတချို့ဟာ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး၊ လူမှုရေး အစရှိတဲ့ကိစ္စတွေမှာ ပါနေတာကြောင့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့က အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) ကို တရားမဝင် ဖွဲ့စည်း ထားတာလို့ ကြေညာခဲ့သလို ဒီနာမည်ကို မသုံးဖို့၊ ဆိုင်းဘုတ်တွေဖြုတ်ဖို့၊ မလိုက်နာရင် သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ၊ သက်ဆိုင်ရာ ဥပဒေတွေနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက အမြန်ဆုံး အရေးယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီနောက်မှာ ဒီအဖွဲ့ကို အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း အမည်နဲ့ ပြောင်းလဲဖွဲ့စည်းပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ရဲ့ လမ်းညွှန်တာကိုရလိုကြောင်း လျှောက်ထားခဲ့ပြန်ပေမယ့် လမ်းညွှန်မှု တောင်းခံတာကို ပယ်ချဖို့၊ ဒီအဖွဲ့ဟာလည်း တရားမဝင်ဖြစ်လို့ ဒီနာမည်ကို မသုံးဖို့၊ ဆိုင်းဘုတ်တွေဖြုတ်ချဖို့၊ မလိုက်နာရင် သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ၊ သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူဖို့ ထပ်ပြီး ဆုံးဖြတ်ခဲ့ပါတယ်။
ပြီးတော့ ဦးဝီရသူနဲ့ပတ်သက်လို့ သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထအစည်းအဝေးက ဆုံးဖြတ်ခဲ့ပေမယ့် မလိုက်နာခဲ့တာတွေ၊ အင်တာနက် စာမျက်နှာတွေ၊ တရားပွဲတွေမှာ အမုန်းစကားတွေ ပြောခဲ့တာ စတာတွေကြောင့် ရာဇသတ်ကြီး ပုဒ်မ ၁၂၄(က)အရ အမှုဖွင့်ခဲ့ပေမယ့် မလာရောက်တာတွေကို ဖော်ပြ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အမျိုးဘာသာသာသနာခေါင်းစဉ်တပ်ပြီး နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး၊ လူမှုရေး အစရှိတဲ့အရေးအရာတွေကို ရှုပ်ထွေးအောင်လုပ်နေတဲ့ရဟန်းတွေနဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းတုန်းက အမျိုးသားရေး ဝံသာနုရက္ခိတစိတ်နဲ့ လွတ်လပ်ရေးရအောင် ဆန့်ကျင် တိုက်ပွဲဝင်ခဲ့တဲ့ ဆရာတော် ဦးဥတ္တမရဲ ဆောင်ရွက်ချက်တွေကို ဘယ်လိုမှ ထပ်တူနှိုင်းယှဉ်ပြောကြားလို့ မရနိုင်တာကိုလည်း သတိပြုသင့်တယ်လို့ ဆိုပါတယ်။