Home
မြန်မာသတင်း
စစ်တောင်းကမ်းပါးပြို အိမ်ခြေ ၁၇၀ ပျက်စီး
DVB
·
November 26, 2012
စစ်တောင်းမြစ်ရေတိုက်စားတဲ့အတွက် မွန်ပြည်နယ် သိမ်ဇရပ်မြို့က ဆိပ်ကမ်းသာရပ်ကွက်နဲ့ ရွာမရပ်ကွက်က အိမ်ခြေ ၁၇၀ လောက် ကမ်းပါးပြိုပြီး ပျက်စီးခဲ့ရတယ်လို့ အဲဒီဒေသကို အကူအညီ သွားပေးခဲ့တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါတယ်။ “ပြီးခဲ့တဲ့ ၁၇ ရက်နေ့ကစပြီး တအိအိနဲ့ နည်းနည်းပြိုလိုက်ဖြစ်နေတယ်။ အခု အိမ်ထောင်စုပေါင်း ၁၇၀ နေ နေတဲ့ အိမ်တွေ စစ်တောင်းမြစ်ရေထဲ ပါသွားပြီ။ လှိုက်စားပြီး ပြိုတာ၊ အခု ဒီနေ့နင်းလာတဲ့ မြေအနေအထားတွေ ကြည့်ရတာ တော်တော် ပက်ကြားအက်တွေဖြစ်နေတယ်။ ရေနည်းနည်းထပ်တက်လာတာနဲ့ ထပ်ပြိုဦးမယ်။ အိမ်ထောင်စုပေါင်း ၁၇၀ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ဒုက္ခရောက်နေတယ်။” နိုဝင်ဘာ ၁၇ ရက်နေ့က စပြီး မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုခဲ့တဲ့ အိမ်ထောင်စုပေါင်း ၁၇၀ ကျော်ဟာ မြေမပြိုသေးတဲ့ လွတ်ကင်းရာမှာ နေ နေကြရတယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဆက်ပြောပါတယ်။ “တချို့လည်း လွတ်ရာကျွတ်ရာ ရွှေ့ပြောင်းနေကြပေမယ့် ကျနော်တွေ့ရတဲ့ အိမ်ထောင်စု ၇၀ လောက်ကတော့ အဲအနီးအနားမှာပဲ ကုပ်ကပ်ပြီး နေနေကြရတယ်။ ၀ါးလုံးတိုင်ထောင်၊ အမိုးလေးတွေနဲ့ တာလဘတ်တွေမိုးပြီး ဖြစ်သလိုနေကြရတယ်။ ၀က်ခြံလေးတွေလိုပဲ အတော်သနားစရာကောင်းပါတယ်။ ကလေးတွေ၊ မိသားစုတွေ ၆ ပေအကျယ်လောက် အကွက်လေးတွေမှာ ဖြစ်သလိုပဲနေနေကြတာ တွေ့ခဲ့ရတယ်။” စစ်တောင်းမြစ် ကမ်းပါးပြိုလို့ အိုးအိမ်တွေပျက်စီးခဲ့ရတာ ၈ ရက်ရှိသွားပြီဖြစ်ပြီး အစိုးရ အာဏာပိုင်တွေကနေ ရေတိုက်စားလို့ ကမ်းပါးပြိုနေတဲ့ ဒုက္ခသည်တွေကို အကူအညီပေးရေး လုပ်ဆောင်နေတာတော့ မရှိသေးဘူးလို့ သိရပါတယ်။ စစ်တောင်းမြစ်ရေ တိုက်စားပြီး ကမ်းပါးပြိုတာ၊ အခုလို အိမ်ခြေ အများစု မြစ်ထဲပါသွားတာဟာ နှစ် ၃၀ အတွင်း အဆိုးရွားဆုံးဖြစ်တယ်လို့ ဒေသခံတွေကို ကိုးကားပြီး ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောဆိုသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024