Home
မြန်မာသတင်း
အင်မတန်ရက်စက်သည့် လုပ်ရပ်ဖြစ်၍ မိုင်းထောင်ခြင်းများ ရပ်သင့်ပြီဟုဆို
DVB
·
June 29, 2019
မိုင်းထောင်တုန်းက မုန်းလို့ ရန်သူထိအောင် ထောင်လိုက်တာဖြစ်ပေမယ့် တကယ်တမ်းကျ ကိုယ်လူတာ ပြန်ထိတဲ့အတွက် မိုင်းထောင်တာ အင်မတန်ရက်စက်တဲ့အလုပ်မျိုးဖြစ်လို့ ရပ်ဖို့သင့်ပြီလို့ Humanitarian Mine Action Initiative-Myanmar(HMAI)ဥက္ကဋ္ဌ ဦးသန့်ဇင် က ပြောပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့ သံလွင်ပါရာဒိုက်ဟိုတယ်မှာပြုလုပ်တဲ့ မိုင်းဆိုင်ရာ လှုပ်ရှားမှု ထောက်တိုင်များကို အသုံးပြုခြင်းဖြင့် မြန်မာအပါအ၀င် ကမ္ဘာ့နိုင်ငံများတွင် မိုင်းကြောင့် မသန်စွမ်းဖြစ်ရသူအရေအတွက်ကို လျော့ကျစေနိုင်ကြောင်း ရှင်းလင်းတင်ပြတဲ့ အခမ်းအနားမှာ အခုလို ပြောတာပါ။ ဦးသန့်ဇင်က “ထောင်တုန်းကတော့ မုန်းလို့ ရန်သူထိအောင် ထောင်လိုက်တာပေါ့။ တကယ်တမ်းကျတော့ ကိုယ်လူတွေ ပြန်ထိတယ်။ ဒါကြီးကတော့ မဖြစ်သင့်ဘူး။ ဟိုမှာ တသက်လုံးခံသွားရတယ်။ နစ်နာသွားတယ်။ ဒါက အင်မတန် ရက်စက်တဲ့အလုပ်မျိုးဖြစ်နေလို့ ရပ်ဖို့သင့်ပါပြီ” လို့ ပြောပါတယ်။ ကရင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က “မိုင်းကြောင့် ပေါက်ကွဲစေတတ်တဲ့ စစ်လက်ကျန်ပစ္စည်းတွေကြောင့် ထိခိုက်ဒဏ်ရာရမယ်ဆိုရင် စိတ်ရောကိုယ်ရော ဆုံးရှုံးမှုတွေ အများကြီးဖြစ်တဲ့အပြင် သူတို့ရဲ့ ပတ်ဝန်းကျင်မှာ ဆုံးရှုံးမှုတွေအများကြီးဖြစ်စေတယ်။ ဒီလိုကိစ္စတွေဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စတွေ” လို့ ပြောပါတယ်။ ကျုံထော်ဒေသ မိုင်းရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်နိုင်ခြင်းမရှိသေးတဲ့အပြင် ဘားအံမြို့နယ် မိဇိုင်းတောင်အနီးမှာ ၂ ပတ်အတွင်း မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦး အထိ ရှိခဲ့တဲ့အတွက် ဒေသခံတွေက မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို အမြန်ဆုံးဆောင်ရွက်ပေးဖို့ လိုလားနေကြပါတယ်။ ၂၀၁၆ ခုနှစ်က မဲသဝေါဒေသမှာ ခွဲထွက် ဒီကေဘီအေနဲ့ တပ်မတော်၊ ဘီဂျီအက်ဖ်တို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့သလို မြေမြုပ်မိုင်းအန္တရာယ်ကြောင့် မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းကို ကျေးရွာပေါင်း ၃၀ ခန့်က အိမ်ထောင်စု ၈၇၀ စု၊ လူဦးရေ ၅ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်လာခဲ့ရပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ မလုပ်ဆောင်နိုင်သေးတဲ့အတွက် စစ်ဘေးရှောင်စခန်းမှာ ဒိနေ့တိုင် ခိုလုံနေရစဲပါ။ နိုင်ငံတော်အစိုးရက ကရင်ပြည်နယ်အတွင်း မိုင်းထိလူနာတဦးကို ကျပ် ၂ သိန်းထောက်ပံ့ပေးသလို အကြောင်းအမျိုးမျိုးနဲ့ မသန်စွမ်းသူတဦးကို ကျပ် ၁ သိန်းစီ၊ လူဦးရေ ၅ ထောင်နီးပါးကို ကျပ် သိန်းပေါင်း ၅ ထောင်နီးပါး ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024