ဂျိုးတောင်နှင့်ချပ်သင်း ရထားလမ်းပိုင်းအား ကိုးချောင်းဆက်သံလမ်းဖြင့် အစားထိုး

မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်ရှိ ဂျိုးတောင် ဘူတာနှင့် ချပ်သင်းဘူတာအကြား လမ်းပိုင်းကို ကိုးချောင်းဆက်သံလမ်းနဲ့ အစားထိုး ပြုပြင်နေတယ်လို့ မြန်မာ့မီးရထား အငယ်တန်း အင်ဂျင်နီယာ(၁)သံလမ်းဦးသန်းနိုင်က ပြောပါတယ်။ “မိုင်တိုင်အားဖြင့် ဂျိုးတောင်ဘူတာ ၅၅၂/၅ ကနေ ချပ်သင်းဘူတာ ၅၁၉/၁၂ အထိ လဲလှယ်သွားမှာဖြစ်ပါတယ်။ ကိုးချောင်းဆက် သံလမ်း လဲပြီးတဲ့နောက်ပိုင်းမှာ ဇလီဖားတုံးတွေကို အနိမ့်အမြင့်ချိန်တယ်၊ လူနဲ့ ပါကင်ရိုက်တယ်၊ စက်နဲ့ပါကင် ရိုက်တယ် စက်ကြီးနဲ့ပါကင်ရိုက်တယ်။ ကိုးချောင်းဆက်သံလမ်း လဲလှယ်ခြင်းအားဖြင့် ယခင်က ၃၉ ပေ သံလမ်း ၁ မိုင်မှာ ၁၃၆ ဆက်ရှိတယ်။ ၃၄၀ ပေရှိ ကိုးချောင်းဆက်သံလမ်းလဲလှယ်ပြီးချိန်မှာ သံလမ်း ၁ မိုင်မှာ ၁၆ ဆက်ပဲရှိပါတော့တယ်။ အဆက်မှာဖြစ်တတ်တဲ့ ခုန်ဆောင့်လူးတာတွေ ပျောက်သွားမယ် မတော်တဆမှုတွေ လျော့နည်းသွား မယ်။ခရီးသွားပြည်သူတွေစီးတဲ့အခါမှာ အဆက်မှာ၊ ဖြစ်တတ်တဲ့ ခုန်ဆောင့်လူးတွေ မရှိတဲ့အတွက်ကြောင့် သက်တောင့်သက်သာ စီးနင်းနိုင်မယ်။” မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းဟာ ရထားသံလမ်းခရီးမိုင် ၃၃၇ မိုင်လောက် ရှည်လျားပြီး မြန်မာနိုင်ငံအထက်ပိုင်းရှိ ခရီးသွားပြည်သူတွေ၊ ကုန်သည်တွေက အဓိက အားကိုးအားထားပြုနေရတဲ့ မီးရထားခရီးလမ်းကြောင်းတခုဖြစ်ပါတယ်။ အဆိုပါ ရထားလမ်းပိုင်းမှာ မိုးတွင်းကာလ ရထားဘီးချော်တာ၊ အချိန်ကြာမြင့်စွာစီးရတာ၊ ရထားခုတ်မောင်းချိန် ရထားရဲ့ ခုန်ဆောင့်လူးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းပေါ်ရှိ ခက်ခဘူတာမှ ရွှေဘိုဘူတာအထိ ၃၂ ဒသမ ၇၅ မိုင်ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်က ကိုးချောင်းဆက်သံလမ်းနဲ့ အစားထိုးပြုပြင်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မဲဇာဘူတာမှ မော်ဟန်ဘူတာအထိ ၄၄ ဒသမ၈၅ မိုင်ကို ကိုးချောင်းဆက်သံလမ်းနဲ့ အစားထိုး ပြုပြင်ခဲ့ပါတယ်။ အခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ဂျိုးတောင်ဘူတာမှ ချပ်သင်းဘူတာအထိ ၃၃ မိုင်ကို ကိုးချောင်းဆက်သံလမ်းနဲ့ အစားထိုးပြုပြင်နေတာပါ။ ကိုကိုလင်း(အင်းတော်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up