DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းလယ်ယာမြေများကို ဖက်တွယ်မနေဘဲ အမြန်ဆုံးပြန်ပေးရန် အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
DVB
·
June 28, 2019
သိမ်းဆည်းလယ်ယာမြေများကို ဖက်တွယ်မနေဘဲ အမြန်ဆုံးပြန်ပေးရန် အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
Donate to DVB

ကိုယ်မပိုင်တဲ့ သိမ်းဆည်းလယ်ယာမြေတွေကို ဖက်တွယ်မနေဘဲ မူလပိုင်ရှင်တွေထံ အမြန်ဆုံးပြန်ပေးအပ်ဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြား လိုက်ပါတယ်။

ဒီကနေ့ ဇွန်လ ၂၈ ရက် မနက်က ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်ကို သွားရောက်ပြီး  ဒေသခံ တောင်သူ ၂၀၀၀ လောက်နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဧရာဝတီတိုင်းဝန်ကြီးချုပ်နဲ့ ဆွေးနွေးတဲ့အခါမှာ တချို့ ပြန်ပေးရမယ့် ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေက ပြန်ပေးတဲ့နေရာမှာ နှောင့်နှေးနေတယ်လို့ ကျမကြားရပါတယ်။ အဲဒီဟာ နှောင့်နှေးနေတဲ့ ပုဂ္ဂိုလ်များက မနှောင့်နှေးဖို့  ကျမအနေနဲ့ တိုက်တွန်းပါရစေ။ ကိုယ်မပိုင်ဆိုင်တဲ့ ကိစ္စကို ဘာဖြစ်လို့ ဖက်တွယ်နေရမှာလဲ မြန်မြန်ဆန်ဆန်ပြန်ပေးလိုက်တော့ အားလုံးအတွက်လည်း ကောင်းပါတယ်။ ကျမတို့ နိုင်ငံအတွက်လည်း ကောင်းပါတယ်။”လို့ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူသွားတဲ့နေရာတိုင်မှာ လယ်ယာမြေ ပြဿနာတွေကို အများဆုံးတွေ့ရကြောင်း၊ ဒါတွေအမြန်ဆုံးဖြေရှင်းပေးဖို့ ညွှန်ကြားထားကြောင်း၊ လယ်ယာပြဿနာတွေမှာ ကြံ့ကြာနေတာတွေအများအပြားရှိနေပြီး ကြံ့ကြာရတဲ့အကြောင်းအ ရင်းတွေကို အဖြေရှာဖို့လည်း သက်ဆိုင်တဲ့ဝန်ကြီးဌာနတွေနဲ့ တိုင်းဒေသကြီးပြည်န ယ် အစိုးရတွေကို အဖြေရှာဖြေရှင်းဖို့လည်း တိုက်တွန်းထားတယ်လို့ပြောပါတယ်။

သက်ဆိုင်ရာ ဌာနတွေအနေနဲ့လည်း တောင်သူလယ်သမားတွေရဲ့ လိုအပ်ချက်တွေကို ကူညီဆောင်ရွက်ပေးကြဖို့လည်း  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပြောသွားပါတယ်။

ဒါ့အပြင် မြန်မာတောင်သူလယ်သမားတွေအနေနဲ့ ပြည်တွင်းဈေးကွက်မှာသာမက နိုင်ငံတကာ ဈေးကွက်မှာပါ ယှဉ်ပြိုင်နိုင်အောင်ကြိုးစားကြဖို့လည်း တိုက်တွန်းပြောသွားပါတယ်။

“အခုလို မြန်မြန်ဆန်ဆန်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ နှေးနေလို့ မရပါဘူး။ တနှစ်နဲ့ တနှစ်တောင်မဟုတ်ဘူး။ တလနဲ့တလ ရာသီဥတုရဲ့ အနေအထားအရ ကမ္ဘာ့ဈေးကွက်ရဲ့ အနေအထားအရ ကျမတို့ရဲ့ တောင်သူလယ်သမားကြီးတွေအတွက် အသင့်တော်ဆုံး ကျမတို့ နိုင်ငံအတွက်လည်း အကျိုးအမြတ်အရှိဆုံး ဘယ်လိုဟာမျိုးတွေ စိုက်သင့်တယ်ဆိုတာ တချိန်လုံး လေ့လာနေဖို့ လိုပါတယ်။ ဒါက အစိုးရပိုင်းက အကူအညီပေးရမှာတော့ အကူအညီပေးရမှာပဲ ဒါပေမယ့် တောင်သူလယ်သမားကြီးတွေကိုယ်တိုင်က ကိုယ့်ဟာကိုယ် လေ့လာချင်တဲ့ စိတ်ရှိဖို့ လိုပါတယ်”

ဒီနေ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တောင်သူလယ်သမားတချို့တင်ပြတဲ့ အခက်အခဲ ပြဿနာတွေကို နားထောင်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိတွေကို ဖြေကြားစေခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲကို အစိုးရ၀န်ကြီးတွေ၊ တောင်သူလယ်သမား ၁၉၀၀ ကျော်၊ ဆန်စပါးကုန်သည်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေတက်ရောက်ခဲ့ ပါတယ်။

ဒီတွေ့ဆုံပွဲမှာတော့ စာရင်းပေးထားတဲ့ လယ်သားမားတွေတက်ခွင့်ရခဲ့ပြီး လယ်ယာမြေ အငြင်းပွားမှုကြောင့်တရားစွဲဆိုခံထားရတဲ့ လယ်သမားတချို့ကတော့ တွေဆုံပွဲကိုတက်ခွင့်မရ ခဲ့ဘူးလို့ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013