စိန်ပန်းပြာနဲ့ ဝေးသူသို့သာ လွမ်း

သည်နေရာ၊ သည်ဒေသ၊ သည်ဝန်းကျင်ငွေ့အနီး ရောက်သည်နှင့် သန့်ရှင်းလန်းဆတ်သော လေကို လွတ်လပ်စွာ ရှူရှိုက် ခံစားရသည်မှာ အမှန်ပင်။ တက္ကသိုလ်ရိပ်သာလမ်း အဓိပတိလမ်းထိပ် ရောက်သည်နှင့် ညာဘက်တွင် ဆာဟာကုတ်ဘတ်တလာရုပ်တု ရှိခဲ့ဖူးသည်။ ဤရုပ်တုမှ အဓိပတိလမ်းအဆုံးအထိ မကွေ့မကောက် အတားအဆီးမရှိ ထီးတည်းတည်ရှိနေသည်။ ဘွဲ့နှင်းသဘင်ခန်းမထဲမှ အဓိပတိထိုင်ခုံနှင့် မျဉ်းတဖြောင့်တည်း ရှိခဲ့သည်မှာ ထူးခြားချက်ဝိသေသ။ ပညာသဘော သင်္ကေတ။ အဓိပတိလမ်းအစ ညာဘက်၊ ဗိုလ်အောင်ကျော်ရင်ပြင်နှင့် ကျောင်းသားအခွင့်အရေး ကာကွယ်ရာ ဘုံဗိမာန်။ တကသအဆောက်အအုံကြီး မားမားမတ်မတ် တည်နေသည်မှာ စိတ်အင်အား တက်ကြွဖွယ်ရာပင်။ ဗိုလ်အောင်ကျော်ရင်ပြင် အထိမ်းအမှတ် ကျောက်တိုင်အရှေ့၌ စိန်ပန်းပြာပင်ရှိ၏။ တက္ကသိုလ်ကျောင်းတိုက်တခုလုံးရဲ့ ရှားရှားပါးပါး ရှိခဲ့သည့် စိန်ပန်းပြာ..။ တကသတို့ တွယ်ငြိရာ။ ဗကသတို့ လွမ်းမောရာ။ ကျောင်းသားကျောင်းသူတို့ တွယ်မှီးရာ အာဝါသကောင်းလည်း ဖြစ်ခဲ့သည်။ သူတို့၏ ရင်ခုန်သံအစုစုတို့ မော်ကွန်းတင်ရာ၊ အနန်းပန်းခရမ်းပြာတို့ ဖူးပွင့်ရာ ဘူမိနက်သန်။ သူတို့နှစ်လုံးသား၏ သမဂ္ဂပုံရိပ်အဖြစ် ဂုဏ်တင့်ခဲ့သော စိန်ပန်းပြာ…။ ကျောင်းသားတို့၏ ထူးခြားသည့် ဝိသေသ၊ တကသ၏သင်္ကေတ။ ဇွန်လ ကျာင်းဖွင့်ရာသီရောက်သည်နှင့် ကျောင်းတိုက်ရှိ စိန်ပန်းနီတို့နှင့်အပြိုင်  စိန်ပန်းပြာတွေလည်း ပင်လုံးညွှတ်မျှ ဖူးပွင့်မြဲပင်။ ဗိုလ်အောင်ကျော်ရင်ပြင်နှင့် သမဂ္ဂမြက်ခင်းပြင်ထက်မှ ထိုးထွက်နေသော ပန်းခရမ်းပြာတို့ကား ကိုအောင်ကျော် အထိမ်းအမှတ် ကျောက်တိုင်အား ခရမ်းပြာပန်းထီးတို့ အုပ်မိုးပူဇော်နေယောင်ယောင်။ သည်အချိန်ခါ ရောက်သည်နှင့် ကျောင်းသား/သူတို့ အမြတ်တနိုး တန်ဖိုးထားလျက် ရင်မှာ သိမ်းဆည်းခဲ့ကြ။ သမဂ္ဂအဆောက်အအုံနှင့် စိန်ပန်းပြာ ခွဲမရသော သင်္ကေတပြယုဂ်တခု ဖြစ်သည်ဟု ကျောင်းသားတိုင်း ရင်ထဲ စွဲမှတ်ခဲ့ကြသည်။ ဤအခြေအနေ ဤပုံရိပ်တို့ ပျက်သုဉ်းရန် အကြောင်းဖန်လာခဲ့သည်။ ကျောင်းသားထုတို့ ရင်ကွဲနာဖြစ်စေခဲ့သည်ကား…။ ၁၉၆၂ ခုနှစ်။ ဇူလိုင် ၇ ရက်။ နေ့လယ် ၁ နာရီ။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အစည်းအဝေးခန်းမထဲ၌ ကျောင်းသား ၂၀၀၀ ခန့် စုဝေးရောက်ရှိနေပြီ။ သမဂ္ဂစင်မြင့်ထက်ရှိ တကသဥက္ကဋ္ဌခုံတွင် ဥက္ကဋ္ဌဖြစ်သူ ကိုဗဆွေလေး နေရာယူပြီးသည်နှင့် အခမ်းအနားမှူး တာဝန်ယူထားသူ အတွင်းရေးမှူး ကိုသာဒိုးက အစည်းအဝေး စတင်ကြောင်း ကြေညာလိုက်သည်။ သဘာပတိ ကိုဗဆွေလေးက လက်ရှိ ကျောင်းသားတို့ အခြေအနေနှင့် မေလ ၉ ရက်နေ့ ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ဖျက်သိမ်းခဲ့ကြောင်း၊ မေ ၁၀ ရက်တွင် တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းလိုက်ကြောင်း။ တင်းကျပ်လာသော အဆောင်စည်းကမ်းများ ထုတ်ပြန်၍ ကျောင်းသားများအား ဖိနှိပ်လာကြောင်း။ ဇူလိုင် ၅ ရက်နေ့တွင် ဗကသ ကိုတင်ထွန်းနှင့် တကသ ကိုလှမြိုင်တို့ကို ဖမ်းဆီထားကြောင်း။ ထို့ကြောင့် တင်းကျပ်သည့် ကျောင်းဆောင်စည်းကမ်းများကို ဖျက်သိမ်းပေးရန်နှင့် ကျောင်းဆောင်ကော်မတီတွင် ကျောင်းသားကိုယ်စားလှယ်များ ပါဝင်ခွင့်ပြုဖို့ လိုကြောင်းတို့ကို ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသားထုအားလုံး ဆန္ဒယူ မဲခွဲဆုံးဖြတ်ခဲ့သည်။ ကျောင်းသားထု ဆုံးဖြတ်ချက်အရ အဓိပတိလမ်းတလျှောက် “အဆောင်စည်းကမ်း ဖျက်သိမ်းရေး။ ဖမ်းဆီးကျောင်းသား ပြန်လွှတ်ပေးရေး။” စသဖြင့် ကြွေးကြော်ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။ ရဲများက မျက်ရည်ယိုဗုံးပစ်၍ လူစုခွဲခဲ့သည်။ ကျောင်းအပြင်မထွက်ကြရန် ကျောင်းတာဝန်ခံများ တားသဖြင့် အပြင်မထွက်တော့ဘဲ ခြံဝန်းတံခါးမကို ပိတ်လိုက်ကြသည်။ ကျောင်းသားတို့ အဆောင်အသီးသီးသို့ ပြန်ပြီ။ ထိုစဉ် ကျောင်းသားများအား ဝင်ရောက်ဖမ်းဆီးသည့်သတင်း တမုဟုတ်ချင်း ပျံ့နှံ့သွားသည်။ ကိုဗဆွေလေးတို့ ပါသွားသည်ဟု ဆိုသည်။ ကျောင်းသားတို့ အဓိပတိလမ်းပေါ် ပြန်ရောက်လာသည်။ လူစုမိပြီ။ နောက်တကျော့ ထပ်မံကန့်ကွက် ဆန္ဒပြကြပြန်သည်။ ရဲတို့ ဆုတ်ခွာပြီး စစ်တပ်ရောက်လာသည်။ ဇူလိုင် ၇ ရက်နေ့ ညနေ ၆ နာရီ ၅ မိနစ်တွင် စစ်တပ်က သေနတ်ဖြင့် စတင်ပစ်ခတ်တော့သည်။ ကမာရွတ်တဝိုက် ပုဒ်မ ၁၄၄ ထုတ်သည်။ တက္ကသိုလ်ကျောင်းများကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ထိုညတွင် ကြေညာသည်။ ဆေးရုံကြီးကို လူအဝင်အထွက်မရှိ ပိတ်ဆို့ပြီး ကျောင်းသား ဒဏ်ရာရသူ သေဆုံးသူတို့ကို ဆေးရုံကြီးသို့ သယ်ဆောင်သည်။ တော်လှန်ရေးကောင်စီ၏ လမ်းစဉ်သတင်းမှနေ၍ သေသူ ၉ ဦး ဒဏ်ရာရ ၄၁ ဦးဟု ကြေညာသည်။ သေဆုံးသူ ၁၁ ယောက်ဟု ထပ်တိုးစာရင်း ကြေညာသည်။ အမှန်မှာ ထိုအရေတွက်ထက် ပိုများသည်။ ဇူလိုင် ၈ ရက်နေ့ မနက် ၆ နာရီ။ သမဂ္ဂအဆောက်အအုံတခုလုံး မြေတွင်လုံးလုံး မိုင်းနှင့်ဖြို၍ ဆုံးခဲ့ပြီ။ အဆောင်များအားလုံး တုန်ခါသွားခဲ့သည်။ အိပ်ပျော်နေသော ကျောင်းသားတချို့ ကုတင်ပေါ်က လိမ့်ကျသည်အထိ ပြင်းထန်လှသည်။ ဝန်းကျင်တခုလုံး အုံ့ဆိုင်း ညိုမှိုင်းသွားခဲ့သည်။ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းနှင့် ကျောင်းသားသမဂ္ဂ အဆောက်အအုံ အပါအဝင် ဤတွင် နိဂုံးအဆုံးသတ်ခဲ့ပြီ။ စစ်အာဏာရှင်တို့၏ တရားဝင်ခွင့်ပြုချက်တို့ ရုပ်သိမ်းလိုက်ပြီ။ ၁၉၆၂ ခုနှစ် သြဂုတ်လ ၂၇ ရက် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ပြီ။ လူစုံမတွေ့ရတော့။ အချို့မိဘက ကျောင်းသို့ ပြန်မလွှတ်တော့။ အချို့က စစ်တပ်၏ လူမဆန်စွာ သတ်ဖြတ်ခြင်းခံရသည်။ အချို့ ပျောက်ဆုံးသွားသည်။ သေသည် ရှင်သည်ပင် မသိနိုင်တော့ပေ။ အချို့ကမူ “ဓားကိုဓားချင်း၊ လှံကိုလှံချင်း” ဟု မြန်မာ့အသံမှနေ၍ စိန်ခေါ်ခဲ့သော ဗိုလ်နေဝင်းကို အံတုတိုက်ခိုက်ရန် တောခိုသွားခဲ့ကြသည်။ သူတို့ချစ်သော ကျောင်းတော်ကြီးနှင့် သမဂ္ဂအဆောက်အအုံတို့ကို ခွဲခွာသွားခဲ့ကြပြီ။ စိန်ပန်းပြာတို့လည်း မိုင်းဒဏ်ခံကြရပြီ။ ကျောင်းသား ကျောင်းသူတို့ရဲ့ ရွှင်ပျပျမျက်နှာတွေ ပျောက်ဆုံးခဲ့ပြီ။ အပျော်တွေ ကုန်ဆုံးပြီ။ သည်အခြေအနေကို မခံစားနိုင်သူတို့ နှလုံးအိမ်မှ ကဗျာလင်္ကာသီချင်းများ ထွက်ပေါ်လာခဲ့သည်။ ပခုက္ကူကြည်ဝင်း၏ “တက္ကသိုလ်တို့ ကျောင်းတနေရာ” သီချင်း ပေါ်လာသည်။ စန္ဒယားချစ်ဆွေ၏ “စိန်ပန်းပြာနဲ့ ဝေးသူရေ” ပေါ်ထွက်လာခဲ့သည်။ ဆေးရုံအနှံ့ သင်္ချိုင်းဂူအနှံ့ ချစ်သူပျောက်ကို ရှာခဲ့ကြသည်။ မိတ်ဆွေရဲဘော် အပျောက်ကို ရှာခဲ့ကြသည်။ အချို့ သင်္ဂြိုဟ်စာရင်းမှာ တွေ့သည်။ အချို့ တောခိုသွားသလိုလို။ မသေမရှင် ထောက်ကြန့် ရာဘာတောနက် တွင်းကျယ်ကြီးထဲ မြှုပ်နှံသတ်ဖြတ် ခံရသလိုလို။ သည်နည်းဖြင့် ရာပေါင်းများစွာတို့လည်း အလောင်းဖျောက်ခံခဲ့ကြရသည်။ “သည်အခြေအနေ၊ သည်ပဲ့တင်သံတွေ ကြားမှာ ဘယ်ကျောင်းသားက ပျော်နိုင်မှာတဲ့လည်းကွယ်။” သည်တော့လည်း… “တက္ကသီလာ.. မြကျွန်းသာ ရင်ပြင်ထက်ဆီမှ… စိန်ပန်းပြာကလေးတွေကိုပင်…. ခင်မင်အနုအလှ.. မယုယနိုင်ဘဲ.. ခွဲခွာသွားရလေသူရေ…” ဆိုတဲ့ ကိုမင်းနောင်ရဲ့တေးသံက ထိုခေတ် ကျောင်းသားတို့၏ ရင်ကို လှုပ်ခတ်ပေးလိုက်သလိုပင်။ နောက် ကိုတင်လှိုင်ရဲ့ဆိုဟန်…။ “အသက်နဲ့ကိုယ်လျှင်.. ဘယ်လိုပင် ခင်သာခင်.. မကြင်ရသည့်ဘဝနှင့် သာစေ.. ဝေးခဲ့ရ အဖြစ်များပေ.. တဒင်္ဂ အချစ်ဘဝ အဖြစ်ပါလေ… မမေ့ခဲ့ကြနှစ်များရှည်.. အခုတော့ အသက်မှာလေ.. ပျော်ရာမှာလည်း မနေရ… တော်ရာမှာပဲ နေရရှာသူရေ…” တဲ့။ ကျောင်းကြီးမှာ ပျော်ချင်ပေမယ့် တောခိုကျောင်းသားဘဝမှာပဲ သင့်တော်ရာတွင် နေရသူများပင်။ ခံစားရမည်ဆိုက ခံစားစရာပင်။ ကိုမင်းနောင်လည်း တချိန်က ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂ ကော်မတီဝင်။ စိန်ပန်းပြာပင်လည်း သမဂ္ဂအဆောက်အအုံနဲ့အတူ ပျောက်ကွယ်သွားပေမယ့်လည်း မျိုးဆက်တို့ မပြတ်ခဲ့။ မကြာမီ ပြန်လည် ရှင်သန်ထမြောက်ခဲ့ပြန်သည်။ စိန်ပန်းပြာတို့ သမဂ္ဂအဆောက်အအုံရှေ့တွင် ဖူးပွင့်လာပြန်ပြီ။ ကျောင်းသားတို့ နှလုံးအိမ်၌ သမဂ္ဂအသံတို့ဖြင့် လွှမ်းခြုံလာပြန်သည်။ ကိုမြတ်လေး၊ ကိုချစ်ဆွေ၊ ကိုမင်းနောင်၊ ကိုတင်လှိုင်၊ ကိုသန်းလှိုင်၊ မာမာအေးတို့ တက္ကသိုလ်ကျောင်းဘွဲ့တေးသီချင်းနှင့်အတူ သမဂ္ဂကို ပြန်နိုးထရန် နှိုးဆွခဲ့ကြတယ်လို့ ဆိုနိုင်သည်။ ဦးလှရွှေ (နောက်ဆုံးအိုးဝေအယ်ဒီတာ) ကမူ “စန္ဒယားချစ်ဆွေရေးတဲ့ ‘စိန်ပန်းပြာနဲ့ဝေးသူရေ’ သီချင်းဟာ ၁၉၆၂ ခုနှစ်၊ သမဂ္ဂကျောင်းသားတွေနဲ့ ပတ်သက်ပြီး ခံစားရေးဖွဲ့ခဲ့တာ” ဟု ပြောဖူးသည်။ မည်သို့ပင်ဖြစ်စေ ကျောင်းသားအစဉ်အဆက်၏ ရင်ထဲတွင် ကျောင်းသားသမဂ္ဂနေရာ ကွက်လပ်ကြီးအား တွေ့မြင်ရတိုင်း နောင်တော်ကြီးများ၏ ကြေကွဲဖြစ်ရပ်တို့ကို ပြန်လည်ခံစား တက်ခေါက်ခဲ့ကြသည်။ ရင်နှင့်အမျှ နာကျင်ခဲ့ရသည်ပင်။ ဤနာကျင်ခံစားရမှုများနှင့်အတူ “စိန်ပန်းပြာနဲ့ဝေးသူ” တို့အတွက် လွမ်းမောတမ်းတကြမည်ပင် ဖြစ်သည်။ ယခုမူ… “စိန်ပန်းပြာနဲ့ဝေးသူရေ” ၏ မွေးဖွားရာရင်ခွင်လည်း ကွယ်ပျောက်နေဆဲ။ မွေးဖွားပေးသူ စန္ဒယားချစ်ဆွေလည်း မရှိတော့။ ဤသီချင်းကို ခံစားသီဆိုပေးခဲ့တဲ့ အဆိုတော် နှစ်ဦးဖြစ်သည့် ကိုမင်းနောင်နှင့် ကိုတင်လှိုင်တို့လည်း စိန်ပန်းပြာကို နှုတ်ဆက်သွားခဲ့ကြပြီ။ သူတို့ သီဆိုကျူးရင့်ခဲ့ကြသော စိန်ပန်းပြာနှင့် ဝေးသူအတွက် တေးသံကား အာဏာရှင်စနစ်ကို ဖြတ်သန်းခဲ့ကြရတဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေရဲ့ ရင်ထဲမှာ အစဉ် ပြန့်လွင့်နေသည်ကိုကား သူတို့ မကြားနိုင်တော့ပြီ။ (ကွယ်လွန်သွားသော “စိန်ပန်းပြာနှင့်ဝေးသူရေ” သီချင်း၏ တေးပြုစာဆို စန္ဒယားချစ်ဆွေ၊ သီဆိုခဲ့ကြသူ ကိုမင်းနောင်နှင့် ကိုတင်လှိုင်တို့အား ဂုဏ်ပြုရေးသားခြင်းဖြစ်သည်။) ထွန်းဇော်ဌေး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up