ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများကို UWSA ‘၀’တပ်ဖွဲ့ မီးရှို့ဖျက်ဆီး
DVB
·
June 26, 2019
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို UWSA ‘၀’တပ်ဖွဲ့က မီးရှို့ဖျက်ဆီးလိုက်ပါတယ်။
‘၀’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်မဟာ(၇၇၅) အခြေစိုက် ဟွေအောဌာနချုပ်မှာ ဒီနေ့ မနက်က မူးယစ်ဆေးဝါးတွေကို အခမ်းအနားနဲ့ မီးရှို့ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
‘၀’ဒေသ မူးယစ်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့မှူး ဦးရန်ကော်ကျုန်းက ”ဒေသတွင်းနေ တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားပြည်သူတွေကို မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်မှုမရှိစေရန် အဓိကထား လုပ်ဆောင်နေပြီး အစိုးရအုပ်ချုပ်မှုလက်အောက်ရှိ ဒေသတွေကိုမူ လုပ်ဆောင်နိုင်ခြင်းမရှိပါဘူး။ အစိုးရနဲ့ဥပဒေမတူပေမယ့် မိမိတို့ဥပဒေအရ အရေးယူဆောင်ရွက်နေသလို အစိုးရအုပ်ချုပ်မှု နယ်မြေအတွင်းကနေ မူးယစ်ဆေးဝါးမှု ကျူးလွန်သူတွေကိုလည်း ဖမ်းဆီးရမိပစ္စည်းတွေနဲ့အတူ ဥပဒေအရအရေးယူနိုင်ဖို့ အစိုးရတာဝန်ရှိသူတွေထံ အပ်နှံ ဆောင်ရွက်ခဲ့ပါတယ်။ အခုဖျက်ဆီးတာ တွေကတော့ ကျနော်တို့အုပ်ချုပ်မှု ဒေသအတွင်းက ဖမ်းဆီးရမိတာတွေဖြစ်ပါတယ်" လို့ပြော ပါတယ်။
တောင်ပိုင်းစစ်ဒေသ (၁၇၁)နယ်မြေထဲမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မူးယစ်ဆေးရောင်းဝယ်သူ ကျား ၁၄ ဦးနဲ့ မ ၂ ဦး၊ သုံးစွဲသူ ကျား ၃၄၀ ဦးနဲ့ မ ၂၇ ဦးရှိခဲ့ပြီး စိတ်ကြွ်ဆေးပြား ၁၆၉၅၂၇ ပြား၊ ဘိန်းဖြူ ၀ ဒသမ ၉၉၄ ကီလိုဂရမ်၊ အိုက်စ် ပုံဆောင်ခဲ ၂ ဒသမ ၁ ကီလိုဂရမ်၊ ဘိန်းမဲ ၁၆ ဒသမ ၇ ကီလိုဂရမ်၊ ခေါင်းခါဆေး ၁၁ ဘူး၊ဖမ်းဆီးမိခဲ့ပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါးတွေနဲ့ ဆက်နွှယ်ပြီး ကားငယ် ၃ စီး၊ ဆိုင်ကယ် ၁၃ စီး၊ စကားပြောစက် ၃ လုံး၊ လက်ကိုင်ဖုန်း ၁၄ လုံး၊ ထိုင်းဘတ်ငွေ ၄၈၄၃၄ ဘတ်နဲ့ မြန်မာကျပ်ငွေ ၆၃၃၀၀ ကျပ်၊ ပွိုင့် ၂၂ သေနတ် ၂ လက်နဲ့ ကျည် ၆ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူတွေကိုတော့ UWSA ဥပဒေအရ အရေးယူထားတယ်လို့ သိရှိရပြီး မူးယစ်ဆေးဝါးတွေကိုတော့ စစ်ဒေသမှူး ဦးအိုက်လောင်း ကိုယ်တိုင်တက်ရောက်လာပြီး ဖျက်ဆီးခဲ့ ပါတယ်။
စစ်ဒေသ(၁၇၁)အနေနဲ့ တပ်မတော်နဲ့လက်တွဲကာ အမ်တီအေတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ဖူးပြီး မိုင်းဆတ်ခရိုင်အတွင်း ၁၉၉၆ ခုနှစ်က စကာအခြေချပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ဆောင်ရွက်ခဲ့တာဖြစ်တယ်။
UWSA အနေနဲ့ အစိုးရရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကိုလည်း အားရကျေနပ်ပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ အစီအစဉ်ရှိနေတယ်လို့လည်း သိရပါတယ်။
သတင်း- အောင်ဇေယျ