ရှမ်းပြည်တပ်မတော်တောင်ပိုင်း ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး စ၀်အွတ် ကွယ်လွန်
နန်းမြနဒီ
·
November 22, 2012
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ရဲ့ ဗဟိုကော်မတီဝင်၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့ဝင်လည်းဖြစ်တဲ့ ဗိုလ်မှူးကြီး စ၀်အွတ် (ကျေးသီး) ဟာ သွေးတိုးရောဂါနဲ့ ရုတ်တရက် လေဖြတ်ပြီး နိုဝင်ဘာလ ၂၁ ရက်နေ့ ည ၉ နာရီ ၃၅ မိနစ်က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။
အပစ်ခတ်ရပ်လက်မှတ် ရေးထိုးပြီးတဲ့နောက်ပိုင်း ပြည်တွင်းထဲဝင်ရောက်ပြီး လူထုစည်းရုံးရေး၊ နိုင်ငံရေးပါတီဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းတွေ ဆောင်ရွက်နေရင်းနဲ့ ကွယ်လွန်သွားတာလို့ အက်စ်အက်စ်အေတောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး စိုင်းဆိုင်မိုင်းက ပြောပါတယ်။
ဒီကနေ့ မွန်းလွဲ ၂ နာရီက တောင်ကြီးသုသာန်မှာ သင်္ဂြိုဟ်ခဲ့ပြီး ပြာအိုးနဲ့ဌာနချုပ်မှာ ဂုဏ်ပြု အခမ်းအနား ပြန်လုပ်မယ်လို့ ဗိုလ်ကြီး စိုင်းဆိုင်မိုင်းက ပြောပါတယ်။
ဗိုလ်မှူးကြီး စ၀်အွတ်ဟာ ရှမ်းပြည်တောင်ပိုင်း ကျေးသီးစော်ဘွားအနွယ်ဝင်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှာ ဥပဒေဘွဲ့ရခဲ့ပါတယ်။ ခွန်ဆာခေါင်းဆောင်တဲ့ အမ်တီအေတပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး ခွန်ဆာ လက်နက်ချသွားပြီးတဲ့နောက် ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့မှာ ၀င်ရောက်ခဲ့ပါတယ်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ စတင်ဖွဲ့စည်းတည်ထောင်တဲ့ ခေါင်းဆောင်ထဲမှာ တဦးအပါအ၀င်ဖြစ်ပါတယ်။
ရှမ်းသံတော်ဆင့် သတင်းစဉ်မှာ စ၀်အွတ် (ကျေးသီး) ဆိုတဲ့ ကလောင်အမည်နဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ တော်လှန်ရေး ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် (၆၅) နှစ် ရှိပြီး ဇနီးဖြစ်သူ နန်းမြစိန်နဲ့ သားသမီး ၂ ဦး ကျန်ခဲ့ပါတယ်။