Home
မြန်မာသတင်း
ဝန်ကြီးဌာနအသစ်တိုးချဲ့ဖွဲ့စည်းရန် စစ်ကိုင်းတိုင်းလွှတ်တော် အတည်ပြု
Aung Ko Latt
·
June 24, 2019
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနအသစ် တိုးချဲ့ဖွဲ့စည်းမယ့်အပေါ် ဇွန်လ ၂၄ ရက်က  ကျင်းပတဲ့ စစ်ကိုင်းတိုင်း လွှတ်တော်ပုံမှန်အစည်းအဝေးမှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနအသစ်ကို တိုင်းနှင့် ပြည်နယ် အားလုံးမှာ တိုးချဲ့ဖွဲ့စည်းတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက “သမ္မတရုံးရဲ့ ၁၉ ရက်၊ ၆ လ၊ ၂၀၁၉ ရက်စွဲပါ စာအမှတ် ၁၈၆()၁/၈/သမ္မတရုံးနဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများအားလုံးကို လိပ်မူပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အသီးသီးတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာန တိုးချဲ့ဖွဲ့စည်းလိုပါသဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၄၈၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ် ၁ ပါ ပြဌာန်းချက်အရ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် သဘောတူညီချက် ရယူပေးနိုင်ပါရန် နိုင်ငံတော်သမ္မတကိုယ်တိုင် လက်မှတ်ရေးထိုးပြီး သဝဏ်လွှာပေးပို့ထားတာ ဖြစ်တယ်”လို့ လွှတ်တော်မှာ ဖတ်ကြားခဲ့ပါတယ်။ ဝန်ကြီးဌာနအသစ် တိုးချဲ့ဖွဲ့စည်းမယ့်အပေါ် တိုင်းလွှတ်တော်က အတည်ပြုပြီးဖြစ်တဲ့ အတွက် နိုင်ငံတော်သမ္မတရုံးကို ပြန်လည်ပေးပို့သွားမှာဖြစ်ကာ နိုင်ငံတော်သမ္မတရုံးက ပေးပို့ လာတဲ့ သဝဏ်လွှာကိုလည်း လွှတ်တော်မှာ မှတ်တမ်းအဖြစ် ထားရှိသွားမယ်လို့လည်း ဆိုပါ တယ်။ အခုလို ဝန်ကြီးဌာနအသစ်တိုးချဲ့တဲ့အပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ သဘောထားမှတ်ချက် မပေးကြပါဘူး။ ဝန်ကြီးအသစ်ဘယ်သူဖြစ်မယ်ဆိုတဲ့အပေါ်မှာလည်း စိတ်ဝင်စားမှုရှိပါတယ်။ ဒါ့အပြင် ဝန်ကြီးဌာနအသစ်က လုပ်ပိုင်ခွင့်သက်တမ်း ၁ နှစ်ဝန်းကျင်သာ ကျန်ရှိတော့တာဖြစ်တဲ့အတွက် အမှန်တကယ် အလုပ်လုပ်နိုင်ပါ့မလားဆိုတဲ့အပေါ်မှာတော့ ဝေဖန်မှုတချို့ရှိပါတယ်။ လက်ရှိမှာ လွှတ်တော်အနေနဲ့ ဝန်ကြီးဌာနအသစ်တိုးချဲ့မယ့်အပေါ် သဘောတူတာပဲ ရှိသေးပြီး ဘယ်အချိန်မှာ ဘယ်သူ့ကို ဝန်ကြီးခန့်အပ်တာဝန်ပေးအပ်မယ်ဆိုတာတော့ မသိရသေးပါဘူး။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှာ လက်ရှိ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ၂ ခု အပါအဝင် ဝန်ကြီးဌာန ၈ ခုရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024