တာချီလိတ်တွင် စိတ်ကြွဆေးပြား၊ လက်နက်ခဲယမ်းမျိုးစုံနှင့် ရွှေထည်များ ဖမ်းမိ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်မှာ စိတ်ကြွဆေးပြားတွေ၊ လက်နက်ခဲယမ်းမျိုးစုံနဲ့ ကျောက်မျက်ရတနာ ရွှေထည်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးဌာနက ဇွန် ၂၄ ရက်မှာ  ထုတ်ပြန်ပါတယ်။ ဇွန် ၂၂ ရက် ညနေ ၆ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပါတဲ့ ပူးပေါင်းအဖွဲ့ဟာ တာချီလိတ်မြို့နယ် မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ထိုင်းနိုင်ငံသား အနုချိုင်းကာတဲ (၂၃) နှစ် မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို စစ်ဆေးရာမှာ  ကျည်မျိုးစုံ ဖမ်းဆီးမိခဲ့ပါ တယ်။ ထိုင်းနိုင်ငံသားရဲ့ ကျောပိုးအိတ်ထဲကနေ  ၁၂ ဗို့ကျည် ၁၂၂ တောင့်၊ ပွိုင့် ၃၈ ကျည် ၁၅၉ တောင့်၊ ၉ မမ ကျည် ၅၀ တောင့်၊ ပွိုင့် ၂၂ ကျည် ၂၀၉ တောင့်၊ ပွိုင့် ၄၅ ကျည် ၂၃ တောင့်၊ M 22 ကျည် ၁၃၀ တောင့်၊ ၅.၅၆ ကျည် ၁၀ တောင့်၊ စုစုပေါင်း ကျည်မျိုးစုံ ၇၀၃ တောင့်၊ ၉ မမ ကျည်အိမ် ၂ ခုနဲ့ ဆေးပြားရိုက်ရာမှာ အသုံးပြုတဲ့ မို ၂၈ ချောင်းတို့အား သိမ်းဆည်းရမိခဲ့ပါတယ်။ စစ်ဆေးချက်အရ အဆိုပါ ထိုင်းနိုင်ငံသားဟာ မြန်မာနိုင်ငံထဲ တရားမဝင် လာရောက်ပြီး တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်နေ ရှမ်းလူမျိုး ညီညီနိုင်(ခ)ပီနိုင် ပိုင်ဆိုင်တဲ့ မိုင်းလင်းကျေးရွာ ဘုန်းကြီးကျောင်းအနီး ဂိုဒေါင်မှာ ရှမ်းလူမျိုး ပီတွီ(စိစစ်ဆဲ) နဲ့အတူ နေထိုင်ပြီး ဘတ်ဟိုး ယာဉ်မောင်း အလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။ ဒီနောက် ညီညီနိုင်ရဲ့ နေအိမ်ကို ဆက်လက်ရှာဖွေရာ အိမ်စောင့်ဖြစ်သူ စိုင်းဆိုင်မိုင် (ခ) ကိုဇော်အပါအ၀င် ကျား ၂ ဦးအားတွေ့ရှိပြီး နေအိမ်ထဲက  စိတ်ကြွဆေးပြား ၁၄၀၀ ပြား၊ ဘိန်းဖြူ ၆၆ ဂရမ်၊ ၉ မမ ပစ္စတို၊ ပွိုင့် ၂၂၊ စနိုက်ပါ အမျိုးအစား သေနတ်အပါအ၀င် သေနတ်မျိုးစုံ ၁၄ လက် သိမ်းဆည်းရမိခဲ့ပါတယ်။ ညီညီနိုင်(ခ)ပီနိုင် အမည်ပါ မီးခံသေတ္တာထဲက Armacor စာတမ်းပါ ပွိုင့် ၄၅ အမျိုးအစားသေနတ် ၁ လက်၊ ကျည် ၈ တောင့်၊ ကျည်အိမ် ၂ ခုတို့ကို သိမ်းဆည်းရမိခဲ့တဲ့အပြင် ရွှေထည်ပစ္စည်းမျိုးစုံ ၁၃ မျိုး ၈၇၂ ဂရမ်၊ ရွှေရည်စိမ်ပစ္စည်းမျိုးစုံ (အတု) ၁၈ မျိုး၊ ငွေထည်ပစ္စည်းမျိုးစုံ ၁၁ မျိုး၊ ပတ္တမြားဟု ယူဆရတဲ့ ကျောက်ရိုင်းမျိုးစုံ ၆ ထုပ်၊ ၁၂.၃၉၃၅ ကီလို ၊ ကျောက်စိမ်းပြား ၁ ချပ်၊ အလေးချိန် (၂၇၈ ဂရမ်)(တန်ဖိုး၊ ကျောက်မျိုးစုံ ၁၂ မျိုးပါ အပွင့်ရေ ၃၀၀ ပွင့်တို့ကိုလည်း သိမ်းဆည်းမိခဲ့ပါတယ်။ ဒါ့အပြင် လက်ကိုင်ဖုန်း၊ GPS ၁ လုံး၊ အသံဖမ်းစက် ငွေစုစာအုပ် ၂ အုပ်၊ စကားပြောစက် ၃ခုနဲ့ မော်တော်ယာဉ် ၂ စီး တို့ကိုလည်း သိမ်းဆည်းမိခဲ့တယ်လို့ ပြည်ထဲရေး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ညီညီနိုင်နေထိုင်တယ်လို့ သတင်းရတဲ့ တာချီလိတ်မြို့နယ်၊ ဝှေလေလန်ကျေးရွာရှိနေအိမ် ကို သွားရောက်ရှာဖွေရာမှာ ဇနီးဖြစ်သူကိုသာတွေ့ရှိပြီး သေနတ်အရှည် ၁ လက်နဲ့ ကျည်အချို့ကို သိမ်းဆည်းမိခဲ့ပါတယ်။ မိုင်းလင်းကျေးရွာရှိ ညီညီနိုင်(ခ)ပီနိုင် ပိုင်ဆိုင်တဲ့ နိုင်ရတနာရွှေတြိဂံ အမည်ရှိ သတ္တု တူးဖော်ရေး ကုမ္ပဏီဝင်းခြံအတွင်း ဝင်ရောက်ရှာဖွေရာ လူတဦးတယောက်မျှမတွေ့ရှိဘဲ မူးယစ်ဆေးဝါးထုတ် လုပ်ရာမှာ အသုံးပြုတဲ့ဆေးပြားရိုက်စက် ၁ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ၊ ပွိုင့် ၂၂ သေနတ် ၁ လက်၊ ကျည် ၃၀ တောင့်၊ M 22 ကျည် ၁၀၀ တောင့်၊ ဘတ်ဟိုးယာဉ်၎ စီးနဲ့ ဆိုင်ကယ် ၁ စီးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။ စိုင်းဆိုင်မိုင်(ခ)ကိုဇော်အပါအ၀င် ဖမ်းမိထားသူ ၂ ဦးနဲ့ ညီညီနိုင် (ခ)ပီနိုင်တို့အား မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားသလို ဖမ်းမမိသေးတဲ့ ညီညီနိုင်(ခ)ပီနိုင်ကို ဝမ်ပုံနယ်မြေရဲစခန်းက ရှမ်းလက်နက်ပုဒ်မ ၁၂(က) နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။ အဆိုပါ ခဲယမ်းတွေကို ပီတွီက ညီညီနိုင်(ခ)ပီနိုင်ထံ ပို့ဆောင်ခိုင်းလို့ သယ်ဆောင်လာစဉ် ဖမ်းဆီးခံရတာလို့ ထွက်ဆိုခဲ့လို့ ဖမ်းမိထားတဲ့ အနုချိုင်းကာတဲ (ဖမ်းမိ)ကို တာချီလိတ်မြို့မ ရဲစခန်းက ရှမ်းလက်နက်ပုဒ်မ ၁၂(ဂ) နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up