Home
မြန်မာသတင်း
ဂူတွင်းပိတ်မိ တောဝက်လူငယ်များကယ်ဆယ်ခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ်ကျင်းပ
DVB
·
June 24, 2019
65391572_693589131071830_3873130554673070080_n
TFLQ7519-1.MOV_000041390
IMG_9746
DSC_9192-1-1280x720
1561276078458
ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်ကျောက်ဂူကြီးထဲမှာ ပြီးခဲ့တဲ့နှစ်က တောဝက် အကယ်ဒမီဘောလုံးသမား လူငယ် ၁၃ ယောက် ပိတ်မိနေခဲ့တာကို ကယ်တင်ခဲ့တဲ့ တနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၂၃ ရက်နေ့ မနက်က ကျင်းပသွားပါတယ်။ အခမ်းအနားကို ဒွိုင်နန်းနွန်းသဘာဝသစ်တောဥယျာဉ်နဲ့ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးဌာနက ပူးပေါင်းပြီး “ဂူကြီးက အဖြစ်အပျက် ၁ နှစ်ပြည့် တစိတ်တ၀မ်းတည်းစည်းလုံးစွာ ပြေး - စီး ကြမယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့  ဂူကြီးရှေ့မှာ ကျင်းပခဲ့တာပါ။ ဒီအခမ်းအနားကို ဂူတွင်းပိတ်လူငယ် ၁၃ ဦးအပါအ၀င် ကယ်ဆယ်ရေးလုပ်ငန်းကို ဦးဆောင်ခဲ့တဲ့ ယခင်ချင်းရိုင်းခရိုင် ၀န်ဟောင်း နိုင်းနရုန်းဆဒ် အိုးဆုခ်ထနားကွန်း၊ တော်ဝင်ရေ တပ်ဖွဲ့ ရေကြောင်းတိုက်ခိုက်ရေးအထူးတပ်မှ တပ်မမှူး ဗိုလ်မှူးကြီး အားဖားကွန်း ယူခုန်းကယောက်၊ လူငယ်တွေကို ဂူထဲဝင်ရောက်ပြုစုခဲ့တဲ့ ဆေးတပ်ဗိုလ်မှူးကြီး ဒေါက်တာ ဖာက့် လိုဟချွန်း၊ အမှတ် ၃ စစ်ဒေသ တပ်မမှူး၊ လူငယ်တွေကို ကယ်ဆယ်ရင်းသေဆုံးခဲ့ရတဲ့ တပ်ကြပ်ကြီးကြာဆဲမ်းရဲ့ ဇနီးဖြစ်သူ ၀လီဖွန်း ကူနန် တို့အပြင် ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ခဲ့သူ စေတနာ့ဝန်ထမ်းများ အားလုံးတို့ပါ စုံလင်စွာ အရောက်လာခဲ့ကြပါတယ်။ အခမ်းအနားမှာ မာရသွန်အပြေးပြိုင်ပွဲ၊ စက်ဘီးစီးပွဲအပြင် ကယ်ဆယ်ရေးလုပ်စဉ် အသုံးပြု ခဲ့သော စက်ပစ္စည်းကရိယာများကိုလည်း လေ့လာကြည့်ရှုနိုင်ဖို့ ပြသခဲ့ပါတယ်။ အပြေးပြိုင်ပွဲ စက်ဘီးနင်းပွဲမှာ ထိုင်းတနိုင်ငံလုံးက အားကစားသမားတွေ၊ နိုင်ငံခြား အားကစားသမားတွေပါ လူပေါင်း ၅ ထောင်ကျော် လာရောက်ဆင်နွှဲခဲ့ပါတယ်။ ဂူတွင်းပိတ်တောဝက်လူငယ်များ ကယ်ဆယ်ရေးလုပ်ငန်းဟာ ခက်ခဲလှပေမယ့် အားလုံးရဲ့ စည်းလုံးညီညွတ်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်းတွေကြောင့် အောင်မြင်ခဲ့တာဖြစ်ပြီး သင်ခန်းစာ တွေ များစွာရခဲ့ကြောင်း၊ ထိုင်းဘုရင်ကြီးက မဟာဂရုဏာနဲ့ လိုအပ်တဲ့ပစ္စည်းတွေ ထောက်ပံ့ ခဲ့တာကြောင့် နိုင်ငံတော်နဲ့ တော်ဝင်မင်းမြတ်ကျေးဇူးတွေကို အစဉ်အောက်မေ့စေကြောင်း၊ စည်းလုံးညီညွှတ်မှုရှိရင် အခက်အခဲတွေကို အောင်မြင်ကျော်လွှားနိုင်တဲ့ပြယုဒ်တခုဖြစ်တဲ့ အတွက် ဂူတွင်းပိတ်လူငယ်ကယ်ဆယ်ရေးအထိမ်းအမှတ် နှစ်စဉ်ဆောင်ရွက်သွားဖို့ တိုက်တွန်းကြောင်း ချင်းရိုင်းခရိုင်ဝန်ဟောင်း နိုင်းနရုန်းဆဒ်က သတင်းထောက်တွေကို ပြောသွားပါတယ်။ မယ်ဆိုင်မြို့ တောဝက်အကယ်ဒမီလူငယ်ဘောလုံးသမား ၁၃ ဦးတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ကျောက်လိုဏ်ဂူကြီးထဲ ၀င်ရောက်လည်ပတ်စဉ် ရေကြီးမှုဖြစ်ပွားပြီး ထွက်လို့မရတော့ဘဲ ဂူထဲမှာပိတ်မိခဲ့ပါတယ်။ ထိုင်းအစိုးရက နိုင်ငံတော်အဆင့်သတ်မှတ်ပြီး လူပေါင်းထောင်ချီ ကယ်ဆယ်ခဲ့ရာမှာ ဇူလိုင်လ ၁၀ ရက်နေ့ကျမှ လူငယ်အားလုံးကို အသက်ရှင်လျက် ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024