Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း အလံနှင့်အမှတ်တံဆိပ် ထပ်မံပယ်ချခံရ
Aung Ko Latt
·
June 24, 2019
စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒုတိယအကြိမ်တင်သွင်းတဲ့ စစ်ကိုင်းတိုင်း အလံ၊ အမှတ်တံဆိပ် ထပ်မံပယ်ချခံခဲ့ရပါတယ်။ တိုင်းလွှတ်တော်မှာ ကတိဖြစ်အဆိုဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး တံဆိပ်၊ အလံတွေနဲ့ ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးက ဒုတိယအကြိမ်အဖြစ် ဇွန်လ ၂၀ ရက်နေ့က ကျင်းပတဲ့ ၁၉ ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ ဒုတိယအကြိမ်အဖြစ် တင်သွင်းခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး ဇွန်လ ၂၃ ရက်နေ့က ကျင်းပတဲ့ စစ်ကိုင်းတိုင်းလွှတ်တော်မှာ ကိုယ်စားလှယ် ၈ ဦးက ကန့်ကွက်ဆွေးနွေးခဲ့တဲ့အတွက် လွှတ်တော်က အတည်မပြုခဲ့ပါဘူး။ လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက “ကန့်ကွက်တဲ့ ကိုယ်စားလှယ်တွေများလို့ လွှတ်တော်ကို ထပ်မံတင်ပြပေးပါမယ်။ အခု တင်သွင်းတာကို အတည်မပြုနိုင်သေးရင် အရင်ဟာ ကိုပဲ အသုံးပြုရမှာဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲဟာလည်း အင်မတန်မှ နီးကပ်လာတာကို သတိပြုစေချင်ပါတယ်။ အားလုံး ပါဝင်စေချင်ပါတယ်။ ညီညွတ်စေချင်ပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီး လိုဂိုရွေးချယ်ရာမှာ ပိုမို အဆင်ပြေလွယ်ကူချောမွေ့စေရန် ကိုယ်စားလှယ်တွေရဲ့ သဘောဆန္ဒကို ရယူလိုတဲ့အတွက် စိစစ်ရွေးချယ်ရေးအဖွဲ့မှာ ထည့်သွင်းဖွဲ့စည်းခွင့်ပြုစေချင် ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။ ကိုယ်စားလှယ်တွေက အလံ၊ တံဆိပ်မှာ ပါဝင်တဲ့ အရောင်တွေနဲ့ပတ်သက်လို့ အဓိကဆွေးနွေးခဲ့သလို အမှတ်အသားတွေနဲ့ပတ်သက်ပြီးတော့လည်း ဝေဖန်ခဲ့ကြပါတယ်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးကျော်ဝင်းလှိုင်က ဆွေးနွေးရာမှာတော့ “မကြာသေးခင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တံဆိပ်ကို ပြောင်းလဲရာမှာ ပြည်ထောင်စု လွှတ်တော်ကို တင်ပြ သဘောထားမယူခဲ့ဘဲ ဌာနတွင်းဝန်ကြီးအစီအစဉ်နဲ့ ပြောင်းလဲခဲ့တယ်။ လက်ရှိအသုံးပြုနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး တံဆိပ်လိုဂိုကလည်းပဲ ၂၀၁၇ ခုနှစ်မှာ ပြောင်းလဲ အသုံးပြုခဲ့ပြီး လွှတ်တော်ကို တင်ပြအတည်ပြုချက်မယူဘဲနဲ့ သက်ဆိုင်ရာ ကော်မတီများနဲ့ အတည်ပြု အသုံးပြုခဲ့တယ်။ လက်ရှိသုံးစွဲနေတဲ့ နိုင်ငံတော်အလံဟာ နိုင်ငံတနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံမှာ ထည့်သွင်းပြဋ္ဌာန်းပြီးတော့ တနိုင်ငံလုံးကိုချပြ သဘောတူညီချက်ရရှိခဲ့ပြီး သုံးစွဲခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အခုလိုဂိုကိုလည်း အချိန်ယူကာ တတိုင်းလုံးကို ချပြရှင်းလင်းအတည်ပြုသင့်ကြောင်း” ဆွေးနွေးခဲ့ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ တံဆိပ်က ပါတီတစ်ခုရဲ့ အမှတ်အသားနဲ့ တူညီနေတာကြောင့် ပြောင်းလဲပေးဖို့အဆိုကို တိုင်းဒေသကြီးလွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေးတုန်းက မုံရွာမြို့နယ်ကိုယ်စားလှယ် ဒေါ်အမာကြည်က လွှတ်တော်ကို တင်သွင်းခဲ့တာပါ။ ၁၇ ကြိမ်မြောက်ပုံမှန်အစည်းအဝေး တုန်းကလည်း ပထမအကြိမ်အဖြစ် တင်သွင်းခဲ့ပြီး အခုလက်ရှိအသုံးပြုနေတဲ့ တံဆိပ်နဲ့ အစိမ်းနေရာမှာ အနီပြောင်းလဲသွားတာပဲ ရှိလို့ဆိုကာ ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024