မိုးခေါင်သဖြင့် တောင်ကြီးမြို့နယ် သရက်ပင်လှ တောင်သူများ အခက်ကြုံ

2.5K
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် သရက်ပင်လှရွာမှာ အခုနှစ် မိုးခေါင်တဲ့ အတွက် စိုက်ပျိုးရေးလုပ်ကိုင်သူတွေ အခက်အခဲကြုံတွေ့နေရပါတယ်။
ခါတိုင်းနှစ်မှာ ရာသီဥတု ပုံမှန်ဖြစ်ပေမယ့် ဒီနှစ်မှာ မိုးမရွာသေးတာကြောင့် စိုက်ပျိုးရေးတွေ အကုန်နားထားရပြီး စိုက်ပျိုးမရတဲ့ အနေအထား ဖြစ်နေကြတယ်လို့ သရက်ပင်လှ ဒေသခံ ကိုဝင်းစိုးက ပြောပါတယ်။
ဒါ့အပြင် မိုးခေါင်တဲ့အတွက် ရေရှားပါးသလို သီးနှံတွေလည်း ပိုးတွေဖျက်ဆီးတာ ခံနေရတဲ့ အတွက် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ တောင်ကြီးမြို့နယ်နေ ရပ်မိရပ်ဖ ဦးထွန်းစီက ပြောပါတယ်။
မိုးရွာဖို့ ဘုရားရေသပ္ပါယ်တာ၊ ရေထွက်ပရိတ်ရွတ်ဖတ်တာ၊ ငါးရံ့မင်း ပရိတ်ရွတ်ဖတ်တာ စတဲ့ ရပ်ရွာဓလေ့တွေလည်း ပြုလုပ်နေကြတယ်လို့ သရက်ပင်လှဒေသခံ ဦးစိုးအောင်က ပြောပါတယ်။
သရက်ပင်လှ ရွာအဝင် လွယ်ဝိုင်းရှေးဟောင်းဘုရားဟာ ရေသပ္ပါယ် ပြီးရင် မိုးရွာမယ်ဆိုတဲ့ အယုံအကြည်နဲ့ ပြုလုပ်ကြတာလို့ ဆိုပါတယ်။
သရက်ပင်လှရွာမှာ ပအိုဝ်း တိုင်းရင်းသားနဲ့ ဓနုတိုင်းရင်းသား အတူနေထိုင်ပြီး အိမ်ခြေ ၄၀၀ ကျော်ရှိကာ အဓိကပြောင်းနဲ့ သနပ်ဖက်တွေ စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။
ခွန်ရာဇာ