အင်းစိန်အကျဉ်းထောင် ထောင်ဝင်စာတွေ့ခန်းနှင့် ဧည့်နားဆောင်သစ်ဖွင့်လှစ်
DVB
·
June 23, 2019
ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်မှာ ထောင်ဝင်စာဧည့်တွေ့ခန်းနဲ့ ထောင်ဝင်စာဧည့်သည် နားနေဆောင်သစ်ကို ဒီနေ့ဖွင့်လိုက်ပါတယ်။
ဒါကို မြန်မာနိုင်ငံအကျဉ်းဦးစီးဌာနနဲ့ ICRC တို့ပူးပေါင်းပြီး ဆောက်လုပ်ခဲ့တာပါ။
ဒီထောင်ဝင်စာဧည့်တွေ့ခန်းအသစ်တွေက လေကောင်းလေသန့်ပိုရနိုင်ပြီး တသီးတသန့် တွေ့ဆုံနိုင်အောင် လုပ်ထားတာဖြစ်သလို အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ ပိုပြီး သက်တောင့်သက်သာရှိစေမယ့် မီးချောင်းအသစ်တွေ၊ အိမ်သာအသစ်တွေ၊ ကော်ဖီဆိုင်နဲ့ ကလေးကစားကွင်းတို့ကိုလည်း ဆောက်လုပ်ထားတယ်လို့ ICRC က ထုတ်ပြန်ပါတယ်။
“အင်းစိန်ဗဟိုအကျဉ်းထောင်မှာ ပြုပြင်မွမ်းမံမှုတွေကြောင့် အခုဆိုရင် မိသားစု ထောင်ပေါင်းများစွာ အတွက် အကျိုးသက်ရောက်မှုတွေရှိမှာဖြစ်လို့ ကျနော်တို့အနေနဲ့ ဝမ်းသာမိပါတယ်။ ဒီစီမံကိန်းကလည်း ကျနော်တို့နဲ့ မြန်မာနိုင်ငံ အကျဉ်းဦးစီးဌာနတို့ရဲ့ ရှည်ကြာတဲ့ ဆက်ဆံရေး အတွက်လည်း အရေးကြီးတဲ့ မှတ်တိုင်တခုဖြစ်ပါတယ်၊ အနာဂတ်မှာလည်း နောက်ထပ် ပူးပေါင်း ဆောင်ရွက်မယ့် စီမံကိန်းတွေကိုလည်း မျှော်လင့်ပါတယ်”လို့ ICRC မြန်မာနိုင်ငံရုံးချုပ် ဌာနေကိုယ်စားလှယ် Stephan Sakalian ကပြောပါတယ်။
ICRC ဟာ ကမ္ဘာတဝှမ်းမှာရှိတဲ့ အကျဉ်းထောင်တွေကို သွားရောက်ပြီး အကျဉ်းကျခံနေရသူတွေရဲ့ အခြေအနေတွေကို လေ့လာခဲ့တာ နှစ်ပေါင်း ၁၄၀ ကျော်ပြီဖြစ်ပါတယ်။