Home
မြန်မာသတင်း
လုပ်ငန်းမပြီးသေးသည့် Yangon Traffic Control စင်တာကိစ္စ ဒဏ်ကြေး နှစ်ဖက်ညှိနှိုင်း နုတ်ယူမည်
အာကာ
·
June 21, 2019
ygn
အချိန် သုံးနှစ်နီးပါးအထိ လုပ်ငန်းမပြီးစီးသေးတဲ့ Yangon Traffic Control စင်တာအတွက် နောက်ဆုံးငွေပေးချေရင် ဒဏ်ကြေးတွေကို နှစ်ဖက်ညှိနှိုင်းပြီး နုတ်ယူမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။ ရန်ကုန်မြို့ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းဖို့အတွက် မီးပွိုင့် ၁၅၄ ခုကို ခေတ်မီမီး အချက်အပြစနစ်တပ်ဆင်တာနဲ့ ထိန်းချုပ်ရေး စင်တာတည်ဆောက်ဖို့ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှာ မြန်မာရွှေရင်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ စီမံကိန်းကို ၂၀၁၆ သြဂတ်လကုန်မှာ အပြီးလို့ သတ်မှတ်ခဲ့ပေမယ့် အခု ပြီးစီးရမယ့်ကာလကို ကျော်လွန်လာချိန် သုံးနှစ်နီးပါးအထိလုပ်ငန်းတွေ မပြီးစီးသေးပါဘူး။ အဲဒီအတွက် စာချုပ်ပါအတိုင်း ကုမ္ပဏီက ဒဏ်ကြေးကျပ် ၂၁ သန်း ကို တရက်ကို တသိန်းနှုန်းနဲ့ ရက်ပေါင်း ၂၁၀ အတွက် ပေးသွင်းခဲ့ပြီးနောက်ပိုင်းမှာ ဒဏ်ကြေး ဆက်လက်ပေးဆောင်မှု မရှိဘူးလို့လည်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဦးဖြိုးမင်းသိန်းက “အရင်ကတော့ သူက ဒဏ်ကြေးပေးလာခဲ့တယ်။ ဒီနောက်ပိုင်းမှာ မပေးတော့ဘူး။ ကျနော်တို့က လုပ်ငန်းလက်ခံတာ နောက်ကျတယ်လို့ ကုမ္ပဏီဘက်ကလည်း ပြောတယ်။ တဖက်ကလည်း နည်းပညာတွေက ပြောင်းလဲနေတော့ Third Party ဘက်က လိုအပ်တာတွေကို ပြောတယ်။ ကျနော်တို့ ဘက်ကလည်း Third Party ဘက်က သဘောတူညီချက်မရရင် လုပ်ငန်းလက်ခံလို့ မရသေးဘူး။ ဒါပေမယ့် နောက်ဆုံးငွေပေးတဲ့ အချိန်ကျရင်တော့ ဒီဒဏ်ကြေးကို ၂ ဖက်ညှိပြီးနုတ်ယူမယ်” လို့ ပြောပါတယ်။ Yangon Traffic Control စင်တာကို ကျပ်သိန်းပေါင်း ၁၈၉၃၈ နဲ့ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024