Home
အနုပညာ
မောင်နှမသံယောဇဉ်တွေကိုမြင်တွေ့ရမည့် ရေမွန်နှင့် လပြည့်ကဗျာ သီချင်းသစ် (ရုပ်သံ)
DVB
·
June 21, 2019
ချစ်ခြင်းမေတ္တာတရားဟာ မိဘနဲ့ သားသမီးကြား၊ မောင်နှမတွေကြား၊ သူငယ်ချင်း မိတ်ဆွေတွေကြားမှာတော့ တန်ဖိုးထားအပ်တဲ့ အရာတခုပါပဲ။ အနုပညာလောကထဲက မောင်နှမ ၂ ဦးဖြစ်ကြတဲ့ ရေမွန်(Idiots)နဲ့ ညီမဖြစ်သူ လ ပြည့်ကဗျာတို့ အတူတွဲသီဆိုထားခဲ့ကြတဲ့ သီချင်းထဲမှာတော့ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့ ရှိနေ ကြတဲ့ မောင်နှမသံယောဇဉ်တွေကို အတိုင်းသား မြင်တွေ့ကြရမှာပါ။ “မွေးဖွားကတည်းက လျှောက်ခဲ့ လမ်းမများစွာထဲ… ဘ၀ကို အတူတူခရီးဆက်ခဲ့ တယ်… ကလေးဘ၀တုန်းက ဖြစ်ခဲ့… အမှတ်တရများစွာလည်း… တခါတလေ ပြန်လည် လွမ်းဆွတ်နေဆဲ” ဒီသီချင်းကိုတော့ ရေမွန်က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး သီချင်းရဲ့ နာမည်ကိုတော့ မောင်နှမတွေလို့ ရိုးရိုးရှင်းရှင်း အမည်ပေးထားခဲ့တာ ဖြစ်ပါတယ်။ ရေမွန်နဲ့ လပြည့်ကဗျာတို့ဟာ တေးသံရှင် ခင်မြတ်မွန်ရဲ့ ရင်သွေးတွေဖြစ်ကြပြီး မတူညီတဲ့ ဂီတလမ်းကြောင်းတွေပေါ်မှာ ရှင်သန်နေကြသူတွေ ဖြစ်ကြပါတယ်။ ရေမွန်ကတော့ Idiots တေးဂီတအဖွဲ့နဲ့အတူ အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး  ပရိသတ်လက်ခံအားပေးမှုတွေ ရရှိခဲ့တဲ့ ဘာလာလာသီချင်းကတော့ သူတို့ရဲ့ ပထမဆုံးသီချင်းတပုဒ် ဖြစ်နေခဲ့တာပါ။ Idiots အဖွဲ့ရဲ့ တကိုယ်တော်အယ်လ်ဘမ်ဖြစ်တဲ့ လူအဂီတဟာလည်း ပရိသတ် လက်ခံအားပေးခဲ့ပြီး အောင်မြင်မှုရရှိခဲ့တဲ့ တေးအယ်လ်ဘမ်တချပ်ဖြစ်ခဲ့ပါတယ်။ လပြည့်ကဗျာကတော့ အဆိုတော် အောင်လနဲ့အတူ တွဲဖက်သီဆိုထားတဲ့ အချစ် ကွန်ရက်သီချင်းနဲ့ ပရိသတ်ရင်ထဲရောက်ရှိခဲ့ပြီးနောက် အကြာပြီး ပျောက်နေခဲ့တာပါ။ “အတူပျော်ရွှင်ကာ အတူငိုခဲ့ဖူးတယ်… စာနာပါတယ်… နင်ဟာ ငါသွေးပဲ… အတူ အောင်မြင်မယ်… အတူတူကျရှုံးမယ်… ကံကြမ္မာဆိုတာ ကြာကြာ မတည်မြဲလည်း… ဝေ မျှမယ် အကောင်းဆုံး အမှတ်တရတွေတိုင်းမှာ အတူတူရှိချင်တယ်… တသက်စာအ တွက်… လျှောက်သောလမ်း မတူလည်းပဲ… နှလုံးသား ခံစားချက်… ထပ်တူညီလျက်… သံယောဇဉ်တွေမပျက်” သူတို့မောင်နှမ ၂ ယောက်အတူတွဲသီဆိုထားတဲ့ ဒီသီချင်းကို Legacy Music ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့ပြီး ခုလိုရေးသားဖော်ပြ ထားခဲ့တာပါ။ “ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဘယ်တော့မှ မမုန်း ဒါမောင်နှမတွေ 💕… Raymond နဲ့ Lapyae Gabyar ရဲ့ မောင်နှမတွေ ဆိုတဲ့ ချစ်စရာ သီချင်းလေးကို ယခုနားဆင်နိုင်ပါ ပြီနော်။ မောင်နှမနှစ်ယောက် ပေါင်းစပ်ဖန်တီးထားတဲ့ ဒီသီချင်းလေးကို နားဆင်ခံစား ပေးပါအုံးနော်။ 😊”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024