Home
မြန်မာသတင်း
ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူး  ၅ ဦးကို ကေအန်ယူက ဖမ်းဆီးထား
DVB
·
June 20, 2019
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မိဇိုင်းကျေးရွာအုပ်စုရှိ ကျေးရွာတွေက အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှုး/ဆယ်အိမ်မှုး ၅ဦးတို့ကို ဖမ်းဆီးထားတယ်လို့  ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) တပ်မဟာ(၁) မိဇိုင်း (ဂွင်မှုး) စောမောင်နူက အတည်ပြု ပြောပါတယ်။ ကေအန်ယူမှာ ဆေးသင်တန်းတက်ရောက်ဖို့အတွက် လူငယ်တွေပို့ပေးဖို့  ကျေးရွာတွေကို ပြောဆိုထားတာ ကြာပြီဖြစ်ကြောင်းနဲ့ ရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေအနေနဲ့ အကြောင်းမပြန် လို့ အထက်အမိန့်အရ ခေါ်ယူထိန်းသိမ်းထားတာလို့လည်း စောမောင်နူကပြောပါတယ်။ ဇွန်လ ၁၈ ရက်မနက် ၉ နာရီလောက်က ဘားအံခရိုင် မိဇိုင်းကျေးရွာအုပ်စုဝင် အောက်-မိဇိုင်းကျေးရွာ၊ တုတ်ကြီးကျေးရွာ၊ ပေပင်ဆိပ်ကျေးရွာ၊ ဖားပေါင်ကျေးရွာ၊ ဝဲပျံကျေးရွာ တွေက ပြည်နယ်အစိုးရခန့်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၅ဦးကို ဆင့်ခေါ်ကာ ဦးစောမောင်နူရဲ့နေအိမ်မှာ  ဖမ်းဆီးထားတာလို့ ဖားပေါင်ကျေးရွာ ဒေသခံ တွေ ပြောပြချက်အရ သိရပါတယ်။ ဖားပေါင် ကျေးရွာနေအမည်မဖော်လိုသူ ရွာသားတဦးက "မိဇိုင်းကျေးရွာအုပ်စုက  အစိုးရခန့်ထားတဲ့ ရွာအုပ်ချုပ်ရေးမှူး တယောက်ရယ်၊ ကျန်တဲ့ရွာတွေက ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေအပါပေါ့၊ ၅ယောက် ဖမ်းထားတယ်။ မနေ့က (ဇွန်၁၈) မနက် ၉နာရီလောက်မှာ ဦမောင်နူခေါ်တယ်ဆိုလို့ မိဇိုင်းရွာက သူ့အိမ်ကို သွားကြတယ်။ အုပ်ချုပ်ရေးမှူးတွေ စုံတော့ ကြိမ်းမောင်းဆဲဆိုပြီး သူတို့ တောင်းတဲ့ စစ်သားလုပ်ဖို့ ရွာကြီးဆို တရွာ ၃ဦး၊ ရွာသေးဆို ၂ ဦး တောင်းတာ မပို့ပေးလို့ ဆိုပြီးသူအိမ်မှာ ဖမ်းထားသလို  လုပ်ထားတယ်။ ရွာသားတွေ လည်း အင်ဥရှာ၊ မျှစ်ချိုးတဲ့ သူတွေလည်း ရွာပြင် ထွက်မရှာ ရဲ တော့ဘူး" လို့ ပြောပါတယ်။ အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး  ဘားအံမြို့နယ်နဲ့ ကရင်ပြည်နယ် အစိုးရ အုပ်ချုပ်ရေး တာဝန်ရှိသူတွေကတော့ မသိရှိသေးကြောင်းပြောပါတယ်။ သတင်း- စောတာတူး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024