Home
မြန်မာသတင်း
ကရင်ပြည်နယ်အတွင်း လယ်သမားအရေး ဆန္ဒထုတ်ဖော်သူများကို ငွေဒဏ်အမိန့်ချမှတ်
DVB
·
June 20, 2019
ကရင်ပြည်နယ်အတွင်း လယ်သမားအရေးဆန္ဒထုတ်ဖော်ရာမှာ ဦးဆောင်သူတွေကို ငြိမ်းစုစီ ဥပဒေပုဒ်မတွေနဲ့ ငွေဒဏ်ပေးဆောင်ဖို့ ဇွန် ၁၉ ရက်မွန်းလွဲပိုင်းမှာ ဘားအံမြို့နယ် တရားသူကြီးက အပြီးသတ် အမိန့်ချမှတ်လိုက်ပါတယ်။ ၈၈ ကရင်မျိုးဆက် ကျောင်းသားများလူမှုဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်မှုဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးစောမောင်ကြီးကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့ ဒဏ်ငွေကျပ် ၃ သောင်းအပြင် ပုဒ်မ ၂၀ နဲ့ ဒဏ်ငွေကျပ် ၁ သောင်းပေးဆောင်ဖို့ အမိန့်ချမှတ်ပြီး ကျန်ဦးဆောင်သူအဖွဲ့ဝင် ၂ ဦးနဲ့ လယ်သမား ၁ ဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ ဒဏ်ငွေ ၃ သောင်းကျပ်စီ ပေးဆောင်ဖို့ အပြီး သတ်အမိန့်ချခဲ့တာပါ။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလက ခရိုင်အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ရာမှာ ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်မှုအတွက် ရဲမှူးကျော်သန်းက ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာလည်း  ဒုသမ္မတ ဟင်နရီဗန်ထီးယူနဲ့ တွေ့ဆုံခွင့်ရရေး ဆန္ဒဖော်ထုတ်ခဲ့ရာမှာ သတ်မှတ်ချိန်ကျော်လွန်ခဲ့တဲ့အတွက် ဦးဆောင်သူတွေနဲ့ လယ်သမားတဦးကို  ရဲမှူးကျော်မိုးသက်က ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ နဲ့တရားစွဲဆိုခဲ့တဲ့ အမှုတွေဖြစ်ပါတယ်။ ၈၈ ကရင်မျိုးဆက် ကျောင်းသားများလူမှုဖွံ့ဖြိုးရေးအသင်း၊ ဗဟိုအလုပ်မှုဆောင်ကော်မတီ ဥက္ကဋ္ဌဦးစောမောင်ကြီးက “အရင်အစိုးရဆုံးဖြတ်ချက်အတိုင်းပဲ ဒီနေ့အစိုးရကလည်း ပြန်လည် စိစစ်ဆုံးဖြတ်နေတာကို တွေ့ရတဲ့အတွက် ကျနော်တို့အနေနဲ့ သိမ်းဆည်းခံ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး မပြီးမြောက်သေးတဲ့အတွက် ဆန္ဒဖော်ထုတ်မှုတွေကို ဆောင်ရွက်နေရတာ” လို့ ပြောပါတယ်။ ဘားအံမြို့နယ်၊ လှိုင်ကျေးရွာက တရားစွဲခံရသူ ဒေါ်ချစ်သွင်က “ကျမတို့က မြေယာကိစ္စနဲ့ ဆန္ဒဖော်ထုတ်တယ်။ ဖော်ထုတ်တော့လည်း ကျမတို့က တရားစွဲခံရတယ်။ သူတို့က အချိန်နောက်ကျတယ်ဆိုပြီးတော့ တရားစွဲခံခဲ့ရတယ်။ လွှတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်မပေးဘူး” လို့ ပြောပါတယ်။ သိမ်းဆည်းခံ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ်အစိုးရအနေနဲ့ ပြန်လည်ဖြေရှင်းမှုရာခိုင်နှုန်းတော်တော် ပြီးမြောက်အောင် ဆောင်ရွက်ထားပြီး ဖြစ်တယ်လို့ ပြောဆိုထားပေမယ့် လက်တွေမြေပြင်မှာ အများကြီးကျန်ရှိနေသေးတယ်လို့ သိမ်းဆည်းခံ လယ်ယာမြေ အရေးကူညီ ဆောင်ရွက်ပေးနေတဲ့ ဦးစောမောင်ကြီးက ပြောပါတယ်။ သတင်း- ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024