DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားအဖွဲ့များနှင့် ရှေ့နေများ သမ္မတအိုဘားမားထံ စာပို့တောင်းဆို
DVB
·
November 20, 2012
Donate to DVB

မြန်မာနိုင်ငံရဲ့ ပျက်စီးယိုယွင်းနေတဲ့ တရားစီရင်ရေးမဏ္ဍိုင် ခိုင်မတ်လာအောင် အကူအညီပေးဖို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်က အမေရိကန်သမ္မတ အိုးဘားမားထံကို တောင်းဆိုလိုက်ပါတယ်။

မနေ့တုန်းက သမ္မတအိုဘားမား မြန်မာပြည်မှာရှိတုန်းက တောင်းဆိုစာပေးခွင့် မကြုံခဲ့လို့ ဒီနေ့ ရန်ကုန်မြို့က သံရုံးကို စာပေးပို့ တောင်းဆိုခဲ့တယ်လို့ ရှေ့နေများကွန်ရက်ပြောခွင့်ရသူ ရှေ့နေ ဦးကိုနီက ပြောပါတယ်။

“ယိုယွင်းနေတဲ့ တရားစီရင်ရေးစနစ်နဲ့ ယိုယွင်းနေတဲ့ တရားဥပဒေစိုးမိုးရေး ဒီကိစ္စ ၂ ခုကို အမြန်ဆုံးတည်ဆောက်နိုင်အောင်၊ အကောင်အထည်ဖော်နိုငအောင် အကူအညီတောင်းတဲ့ သဘောပါ။ အဲလိုပြင်တဲ့နေရာမှာ ကျနော်တို့အနေနဲ့ အခက်အခဲတွေ ရှိတယ်။ အဲအခက်အခဲကို သမ္မတကြီးအနေနဲ့ နည်းပညာပိုင်းအရဖြစ်စေ၊ အတတ်ပညာပိုင်းအရဖြစ်စေ သို့မဟုတ်ရင်လည်း အခြား သင့်တော်တဲ့ နည်းနဲ့ ဘယ်လိုကူညီပေးနိုင်မလဲ ကူညီပေးပါလို့ ကျနော်တောင်းတယ်။”

နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း မြန်မာနိုင်ငံအတွင်းက ညီညွတ်သော တိုင်းရင်းသားလူမျိုးများအဖွဲ့ (ယူအန်အေ) ကလည်း သမ္မတအိုဘားမားနဲ့ တွေ့ဆုံရာမှာ သူတို့ပါတီတွေရဲ့ ဆန္ဒသဘောထားကို ပေးပို့ခဲ့ပါတယ်။

အဲဒီစာထဲမှာ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်တယ်ဆိုပေမယ့်လည်း နိုင်ငံရေးအကျဉ်းသားတွေ ရာချီပြီး ချုပ်နှောင်ခံထားရဆဲ ဖြစ်တာကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အကုန်လုံးကို ရုပ်သိမ်းဖို့တော့ စောသေးတယ်လို့ ရေးသားထားပါတယ်။

ယူအန်အေ တိုင်းရင်းသားမဟာမိတ်အဖွဲ့က ပြောခွင့်ရသူ နိုင်ငွေသိမ်းက ခုလို ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာ ရှိနေသေးတော့ စီးပွားရေးပိတ်ဆို့မှု အကုန်လျှော့လိုက်ရင် သိပ်စောနေသေးတယ်လို့ထင်တယ်။ နောက်တခုက အပစ်ရပ်စဲရေးက မပြီးသေးပါဘူး။ နိုင်ငံရေးနည်းအရေ ဖြေရှင်းမှ၊ တွေ့ဆုံဆွေးနွေးရေးလုပ်မှ၊ စေ့စပ်ဆွေးနွေးရေးလုပ်မှ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှသာ ငြိမ်းချမ်းရေးရမယ်လို့ ယုံကြည်တယ်။ နောက်တခုက အစိုးရက ပွင့်ပွင့်လင်းလင်း မြင်သာထင်သာရှိအောင် လုပ်ဖို့လိုဦးမယ်လို့ ကျနော်တို့ထင်တယ်။ နောက် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ လိုအပ်တယ်။ တရားဥပဒေစိုးမိုးရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လူ့အခွင့်အရေးရှိရေး အဲဒီ ၄ ချက်ပါပဲ။”

ယူအန်အေထဲမှာ ရှမ်း၊ ရခိုင်၊ ဇိုမီး၊ ကိုးကန့်၊ ကချင်၊ ကရင် စတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေစုစည်းပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013