မော်လမြိုင်မြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ် လူနေအိမ်အချို့ပျက်စီး
DVB
·
June 18, 2019
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာမှာ ဒီကနေ့ မနက် ၁၀နာရီလောက်က လေဆင်နှာမောင်းတိုက်ခတ်ခဲ့တာကြောင့် လူနေအိမ် ၄ လုံး အမိုးတွေ ပျက်စီးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်တချို့ပျက်စီးခဲ့ပေမယ့် လူတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာတော့ မရှိပါဘူး။
ဒီလို လေဘေးဒဏ်ခံခဲ့ရတဲ့ ကျေးရွာကို မော်လမြိုင်မြို့က လူမှုကယ်ဆယ်ရေးအဖွဲ့တွေ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားတွေ အပါအဝင် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့တွေက သွားရောက် ကူညီခဲ့ကြပါတယ်။
လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့တဲ့ နေအိမ်တွေကို မွန်ပြည်နယ် အစိုးရအဖွဲ့ကလည်း ထောက်ပံ့ကြေးတွေ သွားရောက် ပေးအပ်ခဲ့ပါတယ်။
ဒါ့အပြင် အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ယိမ်းယိုင်သွားခဲ့တဲ့ လျှပ်စစ် ဓာတ်မီးတိုင်တချို့ကိုလည်း ပြန်လည် ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
သတင်း/ဓာတ်ပုံ- ဇော်လွင်ထွဋ်