Home
အနုပညာ
အကောင်းဆုံး အရှုံးသမား(သို့)The Voice Myanmar ဒုတိယဆုရှင် ပေါလ်အော်စတင် (ရုပ်သံ)
DVB
·
June 18, 2019
“သီချင်းတွေထဲမှာ မင်းအမြဲရှိနေတယ်… ကိုယ့်ရဲ့အတွေးတွေ မင်းပဲ ဖြစ်နေရမယ် … ခံစားချက်တိုင်းကို ဖန်ဆင်းပေးမယ့်သူ… ဘ၀တစ်ခုလုံးမှာ မင်းပဲကိုယ့်သခင်ဖြစ်မယ်” ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက နာမည်ကြီး အမျိုးသမီးတေးသံရှင် ဆုန်သင်းပါရ်ရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်မှန်း သိကြပြီး ဖြစ်မှာပါ။ နာမည်ကြီး တေးရေးဆရာ စောခူဆဲရဲ့ လက်ရာတေးသီချင်းကောင်းတပုဒ်ဖြစ်တဲ့ သခင်အမည်ရတဲ့ ဒီသီချင်းဟာ ပရိသတ်တွေကြားမှာ ရေပန်းစားအားပေးမှုရရှိခဲ့တဲ့ သီ ချင်းတပုဒ်ဖြစ်ခဲ့ပြီး ဒီတခါမှာလည်း ပရိသတ်ရဲ့ လက်ခုပ်သံတွေကို သိမ်းပိုက်နိုင်ခဲ့ပြန်ပါ တယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပပြီးစီးခဲ့တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲ ရဲ့ နောက်ဆုံးဖိုင်နယ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ပေါလ်အော်စတင်က ဒီသီချင်းနဲ့ အစွမ်းပြပါဝင် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ “ကိုယ့်ခြေလှမ်းတွေ မင်းအမြဲလိုက်နေတယ်… ကိုယ့်မျက်လုံးမှာ မင်းရဲ့ အကြည့် တွေပဲ… နေ့တွေညတွေ အကုန်သိမ်းပိုက်မယ့်သူ… ဘ၀တစ်ခုလုံးမှာ မင်းပဲ ကိုယ့်သခင် ဖြစ်မယ်” The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ Grand Final အဆင့်မှာတော့ ပြိုင်ပွဲဝင် ၄ ယောက်ဖြစ်ကြတဲ့ နိုဗန်ထူး၊ ပေါလ်အော်စတင်၊ ဟေဇယ်လ်နဲ့ မယ်လိုဒီခေါင်တို့က သီချင်းတပုဒ်စီနဲ့ ကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာပါ။ ပေါလ်အော်စတင်က သခင်သီချင်းနဲ့ အစွမ်းပြ ယှဉ်ပြိုင်ခဲ့ချိန်မှာ နိုဗန်ထူးကတော့ အဆိုတော် ရေမွန်ရဲ့ နောက်ကျောသီချင်းနဲ့ အားမာန်ပါပါ သီဆိုသွားခဲ့တာပါ။ နောက်ထပ်ပြိုင်ပွဲဝင် ၂ ဦးဖြစ်ကြတဲ့ ဟေဇယ်လ်နဲ့ မယ်လိုဒီခေါင်တို့ကတော့  နာ မည်ကြီး ရုပ်ရှင်ဇာတ်ဝင်သီချင်းတပုဒ်ဖြစ်တဲ့ တကျော့နှစ်ကျော့တေးကိုသီ သီချင်းနဲ့ တေးသံရှင် ထူးအိမ်သင်ရဲ့ ဂျပ်ဆင်ထိပ်က လရိပ်ပြာစတဲ့ သီချင်းတွေနဲ့ လှလှပပ သီဆို ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲမှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။ လားရှိုးမြို့ဇာတိ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Paul Austin ဟာ The Voice Thailand မှာလည်း ကြိုးစားယှဉ်ပြိုင်ခဲ့ဖူးပြီး ဘာသာစကားအခက်အခဲကြောင့် လတ်တ လော မြန်မာပြည်ကို ပြိုင်ပွဲဝင်ရောက်လာတော့မှ ပါဝင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ “စေလိုရာ စေလိုက်တော့ သခင်… သခင် လိုရာ အဆင်သင့်ဖြစ်မယ်… အရာရာ ကို ပိုင်စိုးတဲ့သခင်… ဆိုနေတဲ့သီချင်းများ ရှင်သန်ရခြင်းဘ၀… ဒါတွေအားလုံး ဖန်ဆင်း ပေးတဲ့ သခင်” The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲ ၀င်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။ ပေါလ်အော်စတင်ဟာ Blind Audition အဆင့်မှာတော့ နာမည်ကြီး အဆိုတော် Adele ရဲ့ When We Were Young သီချင်းနဲ့ ယှဉ်ပြိုင်သွားခဲ့တာ ဖြစ်ပြီး Coach ၄ ယောက်စလုံးကို နောက်ပြန်လှည့်ကြည့်စေနိုင်အောင် အဆိုစွမ်းပြနိုင်ခဲ့ပြီး Coach R.ဇာနည်ရဲ့ အဖွဲ့ထဲကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ နောက်တဆင့်ဖြစ်တဲ့ Battle Round မှာတော့ အဆိုတော် Calum Scott ရဲ့ You Are The Reason သီချင်းနဲ့ နောက်တဆင့် တက်လှမ်းနိုင်ခဲ့ပြန်ပါတယ်။ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ အခုနှစ်မှ ထည့်သွင်းယှဉ်ပြိုင်စေခဲ့တဲ့ KnockOut Round မှာတော့ အဆိုတော် R. ဇာနည် သီဆိုခဲ့တဲ့ နောက်ဆုံးရင်ခွင်သီချင်း နဲ့ အစွမ်းပြခဲ့ပြန်ပါတယ်။ နောက်တဆင့်ဖြစ်တဲ့ Liveshow အဆင့်ပြိုင်ပွဲမှာတော့ ပေါလ်အော်စတင်ဟာ အ ဆိုတော် ဖိုးကာရဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ လမ်းခွဲနဲ့ နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့ တာပါ။ ဆီမီးဖိုင်နယ်အဆင့် ပြိုင်ပွဲမှာတော့ သူက အဆိုတော် Rachel Platten ရဲ့ သီချင်း တပုဒ်ဖြစ်တဲ့ Fight Song သီချင်းနဲ့ ယှဉ်ပြိုင်ကာ အဖွဲ့ထဲက ပြိုင်ဘက်လင်းခက်ကို ဖြတ် ကျော်ပြီး နောက်ဆုံးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးဖိုင်နယ်အဆင့်မှာ ခက်ခဲတဲ့ သီချင်းအမျိုးအစားတပုဒ်ဖြစ်တဲ့ သခင်သီ ချင်းနဲ့ ပေါလ်အော်စတင်ရဲ့ သီဆိုဖျော်ဖြေဟန်ဟာ Coach တွေကိုရော ပရိသတ်တွေကို ပါ ဆွဲဆောင်ထားနိုင်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက် သူတို့ ယှဉ်ပြိုင်နေချိန်နဲ့ တခြားဧည့်သည်အဆိုတော်တွေရဲ့ ဖျော်ဖြေ မှုတွေ၊ Team တခုစီက ပြိုင်ပွဲဝင်နဲ့ Coach တို့ အတူတွဲသီဆိုနေကြချိန်မှာ မဲပေးနိုင်မယ့် Voting လိုင်းကို ဖွင့်ထားပေးခဲ့ပြီး နောက်ဆုံးမှာတော့ ဆုရရှိမယ့်ပြိုင်ပွဲဝင်ကို ကြေညာပေးမယ့် အချိန်ရောက်ရှိလာခဲ့တာပါ။ သူတို့ ၄ ယောက်ထဲက Top 2 အဖြစ် ရွေးချယ်ကြေငြာချိန်မှာတော့ မိန်းကလေး ပြိုင်ပွဲဝင် ၂ ယောက်ဖြစ်တဲ့ ဟေဇယ်လ်နဲ့ မယ်လိုဒီခေါင်တို့ ကျန်နေခဲ့ပြီး ပေါလ် အော်စ တင်နဲ့ နိုဗန်ထူးတို့က မဲအများဆုံး ၂ ဦးအဖြစ် ရင်ခုန်စိတ်လှုပ်ရှားနေခဲ့ကြတာ ဖြစ်ပါ တယ်။ အဲဒီနောက် ပရိသတ်ပေးတဲ့ မဲအများဆုံးနဲ့ Winner ဆုရှင်ကို ကြေညာလိုက်ချိန်မှာ တော့ ကျားပေါက်ရဲ့ အဖွဲ့ထဲက နိုဗန်ထူးက ဆွတ်ခူးရရှိသွားခဲ့တာပါ။ မနှစ်က မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုးသား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာပါ။ Season 1 တုန်းကလည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ နောက်ဆုံးအဆင့် Top 2 နေရာ မှာ အမျိုးသား ပြိုင်ပွဲဝင် ၂ ယောက်ရှိနေခဲ့တာမို့ ဒါဟာလည်း ထူးခြားတဲ့ တိုက်ဆိုင်မှုတ ခုဖြစ်နေခဲ့တာပါ။ ပေါလ်အော်စတင်ကတော့ The Voice Myanmar ရဲ့ ပြိုင်ပွဲ ပွဲစဉ်တလျှောက်မှာ ဒီသီချင်းတွေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ Paul Austin(55513) Blind Audition(Adele-When We Were Young) Battle Round(Calum Scott-You Are The Reason) KnockOut Round(R. ဇာနည်-နောက်ဆုံးရင်ခွင်) Liveshow(ဖိုးကာ-လမ်းခွဲ) Semi Final(Rachel Platten-Fight Song) Final(ဆုန်သင်းပါရ်-သခင်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024