Home
ဆောင်းပါး
စက်မှုဇုန် ဖွံ့ဖြိုးရေး တိုင်းနှင့် ပြည်နယ်အစိုးရ တာဝန် ပိုယူပါ
DVB
·
June 18, 2019
မော်လမြိုင်-ဘားအံ ကားလမ်းမအပေါ်က လှမ်းကြည့်လိုက်ပါက ချူံနွတ်ပိတ်ပေါင်းများ အကြားက အဖြူ၊ အပြာ၊ သံချေးရောင် သွယ်အမိုးများကို လှမ်းမြင်ရ၏။ ထိုမြင်ကွင်းများရှိရာ အဆောက်အဦများဆီ သွားကြည့်ပါက အရှေ့ မျက်နှာစာ တံခါး နှစ်ချပ် နှစ်ဖက်ကို သော့ခလောက်ကြီးများဖြင့် တင်းကြပ်စွာခတ်ထားသည့် မော်တော်ယာဉ်ထုတ်လုပ်ရေး စက်ရုံ၊ ကားဘော်ဒီရုံ၊ တွင်းခုံ၊ အမှုန့်ကြိတ်စက်ရုံ ၁၀၀ နီးပါးကို မြင်တွေ့နိုင်သည်။  ပိတ်သိမ်းထားသော စက်ရုံ၊ အလုပ်ရုံ ပမာဏသည် လုပ်ငန်းအားလုံး၏ သုံးပုံ တပုံပင်။ ယင်းသည်ကား စက်မှုကဏ္ဍဖွံ့ဖြိုးရေးကို အစပြုဖို့ ပြင်ဆင်ခဲ့သော စက်မှုဇုန်များအနက် မော်လမြိုင် စက်မှုဇုန်၏ အနီးကပ် မြင်ကွင်းပင် ဖြစ်၏။ ထိုအခြေအနေသည် မွန်ပြည်နယ် မော်လမြိုင် စက်မှုဇုန်တခုတည်း မဟုတ်ပေ။ တိုင်းနှင့် ပြည်နယ်များ၌ ထူထောင်ထားသော စက်မှုဇုန် ရာခိုင်နှုန်း ထက်ဝက်ကျော်၏ ပကတိ အခြေအနေပင်။ မည်သို့ပင်ဖြစ်စေ အစိုးရ၏ စီးပွားရေး မူဝါဒ ၁၂ ရပ်အနက် တခုတည်းသော လက်ယာကဏ္ဍနှင့် စက်မှုကဏ္ဍ ဟန်ချက်ညီ ချိတ်ဆက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည်ဟူသော အစိုးရအတွက် သတိချပ်စရာပါ။ ထိုကြောင့် ရှိရင်းစွဲ စက်မှုဇုန်များ ပြန်လည်အသက်ဝင်လာစေရေးနှင့် အသစ်တည်ထောင်မည့် စက်မှုဇုန်များ စနစ်တကျ ဖြစ်ရေးကို အစိုးရအနေဖြင့် မည်သို့ ဖြေရှင်း လုပ်ဆောင်မည်နည်း။ မည်သို့သော မူဝါဒများ ချမှတ် ဆောင်ရွက်ဖို့ လိုအပ်သနည်း။ စက်မှုဇုန် နိဒါန်းအစ စက်မှုဇုန်များကို ပြီးခဲ့သည့် စစ်အစိုးရ လက်ထက် ၁၉၉၇ ခုနှစ်မှ စတင်၍ ထူထောင်ခဲ့ကြသည်။ စက်မှုဇုန် ထူထောင်ဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မြို့ပြနှင့် အိမ်အိုးဦးစီးဌာနက တာဝန်ယူ အကောင်အထည် ဖော်ခဲ့သည်။ စက်မှုဇုန်များကို စက်မှုကဏ္ဍဖွံ့ဖြိုးစေရန်၊ ပြည်ပပို့ကုန် တင်ပို့နိုင်ရန်၊ ပြည်တွင်း အစားထိုး သွင်းကုန် ထုတ်လုပ်နိုင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်းတီနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ထူထောင်ခဲ့သည်။ စက်မှုဇုန် စီမံခန့်ခွဲရန်အတွက် စစ်အစိုးရမှ ၁/၉၇ အမိန့်ညွှန်ကြားချက်တစောင် ထုတ်ပြန်ပြီး၊ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ယင်းအပြင် ဗဟိုအဆင့်နှင့် ပြည်နယ်အဆင့် စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီများကိုလည်း ထပ်မံဖွဲ့စည်းခဲ့သည်။ ထိုသို့ ဆောင်ရွက်ခဲ့သော်လည်း စက်မှုဇုန်လုပ်ငန်းများမှာ ထင်သလောက် အောင်မြင်မှုမရှိခဲ့ပေ။ ထိုအခြေအနေနှင့်ပတ်သက်ပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ယခုလို မှတ်ချက်ပြုသည်။ “အဲဒီကာလတုန်းက မြန်မာနိုင်ငံမှာ စက်မှုဇုန်တွေက သိပ်ပြီး ဖွံ့ဖြိုးသေးတာ မဟုတ်ဘူး၊ မြေတွေကို အကွက်ရိုက်ပြီး အကောင်အထည်ဖော်ခဲ့လို့ လုပ်ငန်းရှင်အများစုက ဘာလုပ်ရမှန်းမသိဘူး ဖြစ်ခဲ့တယ်၊ နည်းပညာ လိုအပ်ချက်တွေ အများကြီး ရှိခဲ့တယ်”ဟု ဆိုသည်။ ဦးသိန်းစိန် အစိုးရ လက်ထက်မှာတော့ စက်မှုဇုန် တဇုန်လျှင် ဝန်ကြီး တပါး အုပ်ချုပ်သည့် စနစ်အပြင် စီမံခန့်ရေးကော်မတီကို ဆက်လက်တာဝန်ပေးအပ်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။ အန်အယ်လ်ဒီအစိုးရ လက်ထက်တွင်မူ တိုင်းနှင့် ပြည်နယ်များ၏ စက်မှုဇုန်များကို ကြီးကြပ်ရန် ကော်မတီဖွဲ့စည်းခြင်း မရှိဘဲ ယခင် စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီကိုသာ တာဝန်ပေးအပ်ခဲ့သည်။ ထိုအခြေအနေများကြောင့် တိုင်းနှင့် ပြည်နယ် စက်မှုဇုန်များသည် တဆထက်တဆ တိုးတက်မှု ဆုတ်ယုတ်ခဲ့ပြန်သည်။ မည်သို့ပင်ဖြစ်စေ၂၀၁၅ ခုနှစ်တွင် ပြန်လည် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၂) အရ စက်မှုဇုန်များကို တိုင်းနှင့်ပြည်နယ်အစိုးရအား စီမံကြီးကြပ် ဆောင်ရွက်ခွင့်ပေးအပ်ထားသည်။ ထိုအခြေအနေနှင့် ပတ်သက်ပြီး မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက “စက်မှုဇုန်တွေ ဖွံ့ဖြိုးဖို့ဆိုရင် တိုင်းနဲ့ပြည်နယ် အစိုးရတွေက ကိုယ်ရဲ့ လုပ်ပိုင်ခွင့်ထဲက လုပ်လို့ရသလို၊ လုပ်လို့မရတဲ့ ဟာတွေကလည်း ပြည်ထောင်စုအစိုးရနဲ့ ချိတ်ဆက်ပြီး လုပ်လို့ ရတယ်၊ ပြည်နယ်အစိုးရတွေက မညွှန်ကြားလို့ မလုပ်တာတော့ မဖြစ်သင့်ဘူး၊ လုပ်မယ်ဆိုရင် နည်းလမ်းရှာပြီး လုပ်လို့ရတယ်”ဟု ဆိုသည်။ ယင်းအပြင် စက်မှုဇုန်များ ဖွံ့ဖြိုးရေးအတွက် အစိုးရအနေဖြင့် လုပ်ငန်းရှင်များနှင့် အကျေအလည် ညှိနှိုင်းဆောင်ရွက်ပြီး၊ လုပ်ပေးနိုင်သည့် ကိစ္စရပ်များကို လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ဟန်ချက်ညီအောင် လုပ်ဆောင်နိုင်ကြောင်း ၎င်းက ပြောသည်။ လတ်တလော အခြေအနေ မော်လမြိုင် စက်မှုဇုန်ကို ၂၀၀၂ ခုနှစ်တွင် စတင် ထူထောင်ခဲ့သည်။ ထူထောင်စဉ်က စက်ရုံ၊ အလုပ်ရုံပေါင်း ၃၀၀ နီးပါးရှိခဲ့ကြောင်း စက်မှုဝန်ကြီးဌာန စာရင်များအရ သိရသည်။ လက်ရှိမှာတော့ စက်ရုံ ၊ အလုပ်ရုံ ၁၄၉ ရုံသာ ကျန်တော့သည်။ စက်ရုံ ၊ အလုပ်ရုံ အများစုမှာ စားသောက်ကုန်၊ လူသုံးကုန် လုပ်ငန်းအပါအဝင် တွင်ခုံ လုပ်ငန်းများသာ ဖြစ်၏။ လုပ်ငန်းအများစုမှာလည်း အခြေခံ အဆောက်အဦ၊ နည်းပညာ၊ ဈေးကွက်၊ ရေ၊ လျှပ်စစ်မီး၊ လမ်းပန်ဆက်သွယ်ရေး အခက်အခဲများစွာကို ရင်ဆိုင်နေရသည်။ ထိုအခြေအနေနှင့် ပတ်သက်ပြီး မော်လမြိုင် စက်မှုဇုန်မှာ အထည်ချုပ်စက်ရုံလုပ်ငန်း လုပ်ကိုင်နေသည့်  ဝီမွန်အထည်ချုပ် လုပ်ငန်းရှင် ဦးမင်းဇော်နိုင်ဦးက “ကျနော်တို့ အလုပ်လုပ်ရတာ တအား အခက်အခဲရှိတယ်၊ မီးကလည်း မမှန်တာကြာပြီး၊ ရေဆိုလည်း ဝယ်သုံးနေရတယ်၊ တနေ့နေ့ဆို ရေဖိုးကြီးပဲ ကျပ် နှစ်သောင်းလောက်ကျတယ်” ဟု ဆိုသည်။ အထည်ချုပ်လုပ်ငန်းရှင် ဦးမင်းဇော်နိုင်ဦး၏ ပြောဆိုမှုကို မော်လမြိုင် စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ညွှန့်ကလည်း ထောက်ခံနေသည်။ “စက်မှုဇုန်မှာ အခက်အခဲက နွေရာသီမှာ ရေရှားတဲ့ ပြဿနာရှိတယ်၊ လျှပ်စစ်မီးကတော့ အားလုံး သိတဲ့အတိုင်း မီးမမှန်ဘူး၊ ဒါတွေကိုတော့ ဒီစက်မှုဇုန် တခုတည်းမဟုတ်ဘူး၊ မြန်မာပြည်လုံးက စက်မှုဇုန်တွေ ခံစားနေရတာ” ဟု ဆိုပြန်သည်။ မွန်ပြည်နယ်သည် ထိုင်းနိုင်ငံနှင့် နီးစပ်သောကြောင့် စီးပွားရေး လမ်းစကောင်းများစွာ ပိုင်ဆိုင်ထားသည်။ သို့သော်လည်း ယခုအခါ လမ်းပန်းဆက်သွယ်ရေးတွင်မူ သက်တမ်း ကြာမြင့်ပြီး ခံနိုင်ဝန် နိမ့်ကျလာသော အတ္တရံကြိုးတံတား၊ ဂျိုင်းတံတားတို့ကြောင့် ကုန်စည်သယ်ယူပို့ဆောင်မှုအတွက် အခက်အခဲတခု ဖြစ်နေပြန်သည်။ တံတား အခက်အခဲမှာလည်း မော်လမြိုင်စက်မှုဇုန် လုပ်ငန်းများကို လာရိုက်ခတ်နေသည်။ မော်လမြိုင် စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ညွှန့်က “အတ္တရံတံတားက အခုဆို ၁၃ တန်အောက်ပဲ ပေးဖြတ်တော့တယ်၊ ကျွန်တော်တို့ ရော်ဘာလုပ်ငန်းရှင်တွေက ၁၃ တန်ပဲ ပေးဖြတ်တော့ နှစ်ခေါက် သုံးခေါက်လောက် ကျော့နေရတော့ စရိတ်ပိုတက်လာတယ်” ဟု ပြော၏။ မော်လမြိုင် စက်မှုဇုန်သည် ယခင်က မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြသော်လည်း လက်ရှိမှာတော့ ယင်းလုပ်ငန်းတခုမှ မရှိပေ။ မော်တော်ယာဉ် ထုတ်လုပ်မှု ရပ်ဆိုင်းသွားရခြင်းကို ရွှေကောင်းခါး မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းစုမှ မန်နေဂျာ ကိုဘိုဘိုဝင်း ယခုလို ဆိုပြန်သည်။ “စက်မှုဇုန် စလုပ်ကတည်းက ကားထုတ်လုပ်မှုတွေရော လုပ်ငန်းစုံ ပါဝင်ခဲ့တယ်၊ ဒီနောက်ပိုင်း ကားထုတ်လုပ်မှုက အဆင်မပြေတော့လို့ တချို့ကျတော့ ရောင်းလိုက်တယ်၊ တချို့ကျတော့ ဘော်ဒီရုံတွေ ဖြစ်ကုန်တယ်၊ အဓိကကတော့ နိုင်ငံတကာက တင်သွင်းလာတဲ့ အခြေအနေကို ရင်မဆိုင်နိုင်လို့ ပိတ်လိုက်ကြတာ”ဟု ပြောသည်။ မည်သို့ပင်ဖြစ်စေ မော်လမြိုင် စက်မှုဇုန်မှာ အဆိုးဆုံး အခြေအနေတရပ် ရှိနေသည်။ အရင်းခံမှာ အာဏာရ အစိုးရ၏ လျစ်လျူရှုမှု ခံရခြင်းပင်။ “အခု လက်ရှိ အစိုးရလက်ထက်မှာတော့ ကျနော်တို့ စက်မှုဇုန်ကို ကူညီမှု အတိုင်းအတာက ဘယ်လောက်ရှိလဲဆိုရင် ဘာမှမရှိဘူး၊ ဘယ်သူမှလည်း မလာကြဘူး၊ သူတို့ အစိုးရ သက်တမ်း သုံးနှစ်ပြည့်ပြီး ဒီနေ့ ဒီအချိန်အထိ ဘယ်သူမှ မလာဘူး” ဟု မော်လမြိုင် စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က ဆိုသည်။ ၎င်း၏ ပြောဆိုမှုကို ဝီမွန်အထည်ချုပ် လုပ်ငန်းရှင် ဦးမင်းဇော်နိုင်ဦးကလည်း ထောက်ခံနေပြန်သည်။ “ဒီအစိုးရ သက်တမ်းမှာ စက်မှုဇုန်ကို ဘယ်ဝန်ကြီးမှ မလာဘူး၊ ဝန်ကြီးချုပ်ဆို တခါမှ မမြင်ဖူးဘူး၊ စက်မှုဇုန်မှာ ဘာအခက်အခဲ ရှိနေလဲဆိုတာ တခါမှ လာမမေးကြဘူး” ဟု ၎င်းက ပြောဆိုသည်။ ယခု မေလ ပထမအပတ်ကမှ  မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်းနှင့် စက်မှုဝန်ကြီး တာဝန်ခံကို ခန့်အပ်ထားရသည့်  ဦးလှထွန်းကတော့ “စက်မှုဇုန်တွေကို ကွင်းဆင်းဖို့ ရှိတယ်၊ ဝန်ကြီးချုပ်ဆီမှာလည်း ခွင့်ပြုချက် တောင်းထားပြီးပြီး”ဟု ဆိုသည်။ မည်သို့ပင်ဆိုစေကာမူ ယခု အခြေအနေမှာ တိုင်းနှင့် ပြည်နယ်များရှိ စက်မှုဇုန်များ၌  ကြုံတွေ့နေရသည့် အခြေအနေ တရပ်ပင်။ ဘာလို့ မအောင်မြင်တာလဲ စက်မှုဇုန်များ အောင်မြင်မှု မရရှိခြင်းကို မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ယခုလို မှတ်ချက်ပြုသည်။ “ဒီစက်မှုဇုန်တွေက ဖွံ့ဖြိုး တိုးတက်မှုအရ ကြည့်ရင် အားရကျေနပ်ဖို့ မရှိဘူး၊ မော်လမြိုင် စက်မှုဇုန်ဟာ စက်မှုဇုန်လို့သာ သတ်မှတ်ထားတာ အစိုးရဘက်က ကူညီထောက်ပံ့ပေးနိုင်မှု အားနည်းနေတယ်” ဟု ဆိုသည်။ စက်မှုဇုန်အများစုမှာ အထက်ဖော်ပြပါ အခြေခံလိုအပ်ချက်များအပြင် မိရိုးဖလာ လုပ်ငန်းများ၊ နည်းပညာ၊ ဈေးကွက်ထိုးဖောက်နိုင်ခြင်း မရှိမှုများကြောင့်ဟု ဆိုနိုင်သည်။ ယင်းအခြေအနေကို မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဒေါက်တာ အောင်သိန်းက ယခုလို ပြောဆိုသည်။ “တည်ထောင်ပြီးတဲ့ စက်မှုဇုန်တွေမှာ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းတွေ အများကြီးရှိတယ်၊ အဲဒီမှာ မိရိုးဖလာ လုပ်နေတဲ့ လုပ်ငန်းတွေလည်း ရှိတယ်၊ ခေတ်မမီတော့တဲ့ စက်ပစ္စည်းတွေနဲ့လုပ်တဲ့ လုပ်ငန်းတွေလည်း ရှိတယ်၊ ဒါတွေကိုလည်း အောင်မြင်မှုအတွက် အားနည်းစေတယ်” ဟု ဆိုပြန်သည်။ နောက်ထပ် အခြေအနေတရပ်မှာ စက်မှုဇုန်များကို စတင်ထူထောင်စဉ်က ပေ ၁၀၀ ပတ်လည်၊ ပေ ၆၀×၄၀ မြေကွက်များကို ဖော်ဆောင်ခဲ့မှုကြောင့် လုပ်ငန်းများ တိုးချဲ့နိုင်ခြင်း မရှိခဲ့ပေ။ “အရင် နဝတ အစိုးရလက်ထက်က တည်ခဲ့တဲ့ စက်မှုဇုန် မြေကွက်တွေက ပေ ၁၀၀ ပတ်လည် အကွက်တွေ ဖြစ်နေတယ်၊ ဒီတော့ စက်ရုံကြီးကြီးတရုံ မဖြစ်နိုင်ဘူး၊ အခု စက်ရုံကြီးကြီးမာမား ဝင်လာဖို့က အခက်အခဲရှိတယ်၊ ဒီစက်မှုဇုန်မှာ ပြန်ပြီးဖွံ့ဖြိုးလာဖို့ဆို မြေလွတ်မြေရိုင်းတွေ ဖော်ပြီးလုပ်ဖို့ လိုတယ်” ဟု ဥက္ကဋ္ဌ ဦးအောင်ကျော်ညွှန့်က မှတ်ချက်ပြု၏။ ရန်ကုန်တိုင်းအစိုးရနှင့် စက်မှုဇုန်များ မြန်မာနိုင်ငံမှာ  တည်ထောင်ပြီး စက်မှုဇုန်ပေါင်း ၆၀ ခန့် ရှိနေသည်။ ထိုစက်မှုဇုန်များအနက် စက်မှုဇုန် ၂၉ ဇုန်နှင့် အထူး စီးပွားရေးဇုန်ဖြစ်သည့် သီလဝါ စက်မှုဇုန်မှာလည်း ရန်ကုန်တိုင်းတွင် တည်ရှိနေသည်။ သီလဝါ စက်မှုဇုန်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး ရှိသည့် စက်မှုဇုန် တခုလည်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ တိုင်းနှင့် ပြည်နယ် စက်မှုဇုန်များအနက် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်း စက်မှုဇုန်များသည် အောင်မြင်မှု အရှိဆုံး စက်မှု ဇုန်အဖြစ် သတ်မှတ်နိုင်ပေသည်။ ရန်ကုန်တိုင်း ဒေသကြီးတွင် အကြီးစား စက်မှုလုပ်ငန်းပေါင်း ၃၀၀၀ ကျော်ရှိနေသည်။ ယင်းပမာဏသည် မြန်မာနိုင်ငံတွင် အများဆုံး ရှိသည့် ပမဏပင် ဖြစ်သည်။ ရန်ကုန်တိုင်း စက်မှုဇုန် အခြေအနေကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ယခုလို မှတ်ချက်ပေးသည်။ “ရန်ကုန်ကတော့ များသောအားဖြင့် တိုးတက်တယ်လို့ ပြောလို့ရတယ်၊ မင်္ဂလာဒုံ စက်မှုဇုန်ဆိုရင်လည်း နိုင်ငံတကာ အဆင့် ရှိတယ်၊ ကိုရီးယားတို့ ဂျပန်တို့က လာပြီး မြှုပ်နှံချင်ကြတယ်” ဟု ဆိုသည်။ ရန်ကုန်တိုင်းအစိုးရသည် စက်မှုဇုန် အဆင့်မြှင့်တင်ရေးအတွက် တိုင်းအဆင့် ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းထားသည်။ ယင်းကော်မတီတွင် နာယကအဖြစ် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဥက္ကဋ္ဌ အဖြစ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး၊ အတွင်းရေးမှူးအဖြစ် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး အပါအဝင် ပုဂ္ဂလိက လုပ်ငန်းရှင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည်။ ယင်းအပြင် ဇုန်အလိုက် ကြီးကြပ်မှု ကော်မတီနှင့် စီမံခန့်ခွဲရေး ကော်မတီများကိုလည်း ဖွဲ့စည်းထားသည်။ ယင်းကော်မတီ နှစ်ရပ်သည် စက်မှုဇုန်များရှိ အခက်အခဲနှင့် လိုအပ်ချက်များကို တိုင်းအဆင့် ကော်မတီထံ တင်ပြရပြီး၊ တိုင်းအဆင့် ကော်မတီမှတဆင့် ယင်းအခက်အခဲများကို အစိုးရ ကပ်ဘိနက် အစည်းအဝေးတင် ဆုံးဖြတ်၍ အကောင်အထည်ဖော်လျက်ရှိသည်။ သို့သော်လည်း ရန်ကုန်တိုင်းရှိ စက်မှုဇုန်များတွင် ကျူးကျော် ပြဿနာမှာ တဆထက်တဆ ကြီးထွားလာပြီး ဖြေရှင်းနိုင်ခြင်းတော့ မရှိသေးပေ။   စက်မှုဇုန် လုပ်ငန်းများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်မှုဇုန်အသစ်များ ဖော်ထုတ်သွားမည့်အပြင် ရှိရင်းစွဲ စက်မှုဇုန်များကိုလည်း ပြန်လည်  အဆင့်မြှင့်တင်သွားမည်ဟု ပြီးခဲ့သည့်နှစ်က ပြောဆိုထားသည်။ ထိုင်းနိုင်ငံ နမူနာ ထိုင်းနိုင်ငံသည် အရှေ့တောင် အာရှတွင် မော်တော်ယာဉ် ထုတ်လုပ်နိုင်သော အဓိက အားသားချက်ရှိသည့် နိုင်ငံတခု ဖြစ်သည်။ ယင်းအခြေအနေရောက်အောင် ထိုင်းနိုင်ငံသည် မော်တော်ယာဉ် ထုတ်လုပ်ရေးဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်မည်ဟူသော ဦးတည်ချက်နှင့် မူဝါဒကို လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က ချမှတ် အကောင်အထည်ဖော်ခဲ့သည်။ မူဝါဒကြောင့်လည်း လက်ရှိတွင် မော်တော်ယာဉ်ထုတ်လုပ်ရေးဆိုင်ရာ ပစ္စည်း အစိတ်အပိုင်းများစွာကို တပ်ဆင်နိုင်သည့်အပြင် မော်တော်ယာဉ် ထုတ်လုပ်နိုင်သည့် နိုင်ငံ တနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ထိုအခြေအနေကို မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်ငန်းအသင်း ဥက္ကဋ္ဌ ဒေါက်တာ အောင်သိန်းက ယခုလို မှတ်ချက်ပေးသည်။ “သူနိုင်ငံက အရင်ဆုံး စီမံချက်အဆင့်ဆင့်နဲ့ အခြေခံကျတဲ့ စက်မှုလုပ်ငန်းတွေကို ဖွံ့ဖြိုး တိုးတက်အောင် လုပ်ခဲ့တယ်၊ ပြီးတော့ ဘယ်နိုင်ငံဟာ ဘယ်စက်မှုကဏ္ဍမှာ အားသားချက်ရှိတယ်၊ အဲဒီ လုပ်ငန်းတွေ ဖိတ်ခေါ်ပြီး အရည်အသွေး စံချိန်မီအောင် လုပ်သွားတာ” ဟု ဆိုသည်။ ထိုကဲ့သို့ မူဝါဒချမှတ် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်း၊ နည်းပညာအပြင် တိုင်းပြည်၏ GDP ပါ ဖွံ့ဖြိုး တိုးတက်လာသည်ဟု ၎င်းက ပြောသည်။ ဘာတွေ လုပ်နေပြီလဲ မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်းပေါင်း ၅၀၀၀၀  ကျော်ရှိနေသည်။ ယင်းလုပ်ငန်းများ၏ ၅၆ ရာခိုင်နှုန်းမှာ စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းများ ဖြစ်နေသည်။ ယခုအခါ စက်မှုဇုန် ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အပါအဝင် စက်မှုဇုန်များ စနစ်တကျရှိရေး၊ လုပ်ငန်းရှင် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်နှင့် အခက်အခဲများ ဖြေရှင်ဖို့အတွက် စက်မှုဇုန် ဥပဒေမူကြမ်းကို စက်မှုဝန်ကြီးဌာနက ဦးဆောင် ရေးဆွဲထားပြီး ဖြစ်သည်။ ဥပဒေမူကြမ်းကိုတော့ ပညာရှင်များ အပါအဝင် ပါဝင်သင့်သူများနှင့် လုပ်ငန်းရှင်များက ဆွေးနွေးလျက်ရှိသည်။ အဆိုပါ စက်မှုဇုန်ဥပဒေကို ၂၀၁၉ ခုနှစ်အတွင်း ထွက်ရှိနိုင်အောင် ကြိုးပမ်နေသည်ဟု စက်မှုဝန်ကြီးဌာနက ပြောဆိုထားသည်။ ဥပဒေ၏ အားသားချက်ကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း ယခုလို ပြောဆိုသည်။ “ဥပဒေရဲ့ အားသားချက်တွေကတော့ စက်မှုဇုန်တွေ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုဇုန်ထဲမှာ အလုပ်လုပ်ရင် အခွန်ကင်းလွတ်တွေ ရမယ်၊ နောက်ပြီး တခြား ဥပဒေတွေလို အခွန်ကင်းလွတ်တွေလည်း ရှိလာမယ်” ဟု ဆိုသည်။ ဥပဒေအရ ဗဟိုကော်မတီသည် မူဝါဒပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဆုံးဖြတ်ပေးမှာ ဖြစ်ပြီး၊ တိုင်းနှင့် ပြည်နယ် ကော်မတီများက စက်မှုဇုန်ကို ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်သည်။ ယင်းအပြင် ဥပဒေအရ ရှိရင်းစွဲ စက်မှုဇုန်များကို ပြန်လည်သုံးသပ်ရမည့်အပြင် ဖွံ့ဖြိုးရေး လုပ်ငန်းများကို တိုင်းနှင့်ပြည်နယ် အစိုးရများက ပိုမိုကြီးကြပ်ဆောင်ရွက်ရန်နှင့် စက်မှုဇုန်အသစ် ဖော်ဆောင်မှုများကိုလည်း ဗဟိုကော်မတီထံ တင်ပြ အစီရင်ခံရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထွက်ရှိလာမည့် ဥပဒေအရ စက်မှုဇုန် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ကို တိုင်းနှင့် ပြည်နယ်အစိုးရက ပိုတာဝန်ယူ ဆောင်ရွက်ရမည့် အခြေအနေတရပ်ပင်။ တာဝန်ယူကြဖို့ အထက်ဖော်ပြပါ ဖြစ်စဉ်များအရ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်မှု အားနည်းခြင်းမှာ တိုင်းနှင့် ပြည်နယ်အစိုးရ အများစု၏ လျစ်လျူရှု့မှုခံထားရခြင်းကြောင့် ဖြစ်သည်။ စက်မှုကဏ္ဍဖွံဖြိုးရေးသည် အစိုးရ၏ စီးပွားရေး မူဝါဒတွင် ပါဝင်နေသည့်အတွက်ကြောင့် ပြည်ထောင်အစိုးရကလည်း ဖော်ဆောင်ဖို့ လိုအပ်သလို တိုင်းနှင့်ပြည်နယ် အစိုးရကလည်း စက်မှုဆိုင်ရာ မူဝါဒ ချမှတ်လုပ်ဆောင်ဖို့ လိုအပ်သည်ဟု ဒေါက်တာ အောင်သိန်းက ဆိုသည်။ “အဓိကကတော့ ကိုယ်ဒေသထွက်ကုန်ကို အခြေခံပြီးတော့ လုပ်ရမှာ၊ အရင်ဆုံး စရမှာက လက်မှုရယ်၊ စက်မှုရယ်၊ ပြီးရင်တော့ စက်မှုနဲ့ လက်မှုပေါင်းပြီးတော့ နည်းပညာတွေ အရင်းနှီးတွေ လိုတယ်၊ ဒီတော့ ကိုယ်ဒေသနဲ့ ကိုက်ညီတဲ့ အခြေအနေအပေါ်မူတည်ပြီး တိုင်းနဲ့ ပြည်နယ်အစိုးရက မူဝါဒတွေ ရေးဆွဲသင့်တယ်”ဟု ၎င်းက ပြောသည်။ ထိုကဲ့သို့ မူဝါဒချမှတ် အကောင်အထည်ဖော်ပါက ရှိရင်းစွဲ စက်မှုဇုန်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည့်အပြင် အသစ်တည်ထောင်မည့် စက်မှုဇုန်များကိုလည်း စနစ်တကျ စီမံနိုင်မည်ဟု ၎င်းက အကြံပြုပြောဆိုသည်။ မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးကလည်း အစိုးရအနေဖြင့် ဒေသထွက် ထုတ်ကုန်များကို အဆင့်မြှင့် (Added value) ထုတ်လုပ်နိုင်သော ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဖို့ အကြံပြု၏။ ယင်းအပြင် ၎င်းက “စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အစိုးရအနေနဲ့ ဘယ်လိုဟာမျိုးကို ပံ့ပို့မယ်၊ ဘယ်လိုဟာမျိုးဆို ဦးစားပေးမယ်၊ ဒီလို မူတခုတော့ ကိုင်ထားဖို့ လိုတယ်၊ ဒီလိုဆိုရင် ကိုယ်နဲ့ သဟဇာတ ဖြစ်မယ့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ လာလိမ့်မယ်” ဟု ဆိုသည်။ မည်သို့ပင်ဖြစ်စေ ဖြစ်စဉ်အားလုံးကို ချုံ၍ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဒေါက်တာ အောင်သိန်းက ယခုလို မှတ်ချက်ပြု၏။ “စက်မှုဇုန်တွေ ဖွံ့ဖြိုးဖို့ဆိုရင် တိုင်းနဲ့ ပြည်နယ် အစိုးရတွေက ကိုယ်ဒေသနဲ့ ကိုက်ညီတဲ့ စက်မှုဆိုင်ရာ မူဝါဒတရပ်ချမှတ်ပြီး မဟာဗျူဟာတွေ လုပ်ငန်းစီမံချက်တွေကို ရေတိုရေရှည် ရေးဆွဲဆောင်ရွက်သွားမှ ဖြစ်မယ်” ဟူ၍ပင်။ ဇော်လွင်ထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024