Friday, June 9, 2023
Homeမြန်မာသတင်းစီးပွားရေးတရားမ၀င္ကုန္သြယ္မႈ ထိန်းချုပ်မှုကြောင့် အခွန်ငွေ ဒေါ်လာ ၁ သိန်းခွဲရရှိ

တရားမ၀င်ကုန်သွယ်မှု ထိန်းချုပ်မှုကြောင့် အခွန်ငွေ ဒေါ်လာ ၁ သိန်းခွဲရရှိ

တရုတ်-မြန်မာနယ်စပ် လမ်းကြောင်းမှာ တရားမ၀င်ကုန်သွယ်မှု ထိန်းချုပ်ရေး ဆောင်ရွက်တဲ့ သီတင်းနှစ်ပတ်အတွင်း အခွန်ငွေ အမေရိကန်ဒေါ်လာ ၁ သိန်းခွဲ ကောက်ခံရရှိခဲ့တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ပြောပါတယ်။

အခုလ ၁ ရက်ကစပြီး စီးပွားကူးသန်းဝန်ကြီးဌာနက ဦးဆောင်တဲ့ Mobile Team အဖွဲ့တွေက စစ်ဆေးခဲ့ရာမှာ တွေ့ရှိတဲ့ တရားမ၀င်ကုန်ပစ္စည်းတွေကို လိုင်စင်ပေးဆောင်စေပြီး တရားဝင်ကုန်သွယ်ခွင့်ပြုခဲ့ရာမှာ အခုလို အခွန်ကောက်ခံရရှိတာ ဖြစ်ပါတယ်။

ဒါကြောင့် နယ်စပ်ကုန်သွယ်မှုပမာဏလည်း တိုးတက်လာတယ်လို့ စီးပွားကူးသန်းဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောပါတယ်။

“ပြီးခဲ့တဲ့ ၁၁ လပိုင်း ၃ ရက်နေ့က ၉ ရက်အတွင်း ရှိတဲ့ ကိန်းဂဏန်းနဲ့ ၁၁ လပိုင်း ၁၀ ရက်ကနေ ၁၆ ရက်အတွင်းမှာရှိတဲ့ ကိန်းဂဏန်း ၂ ပတ်စာကိုပဲ နှိုင်းယှဉ်ကြည့်တာ။ mobile team ကို စလုပ်တဲ့အချိန်၊ မလုပ်ခင်အချိန်၊ လုပ်နေဆဲ အချိန်တွေကို အပတ်စဉ် အပတ်စဉ်တွေကို နှိုင်းယှဉ်လိုက်တဲ့အခါမှာ ပထမပတ်နဲ့ ဒုတိယပတ်မှာကို ဒေါ်လာ ၁၂ ဒဿမ ၄၈ သန်းလောက် တက်သွားတယ်။ အဲဒီ ကိန်းဂဏန်းသည် ၁ သိန်းခွဲလောက်ကို ဖမ်းပြီး လိုင်စင်လုပ်တဲ့အကျိုးဆက်အရ ၁၂ ဒဿမ ၄၈ သန်း တက်တယ်လို့ အကြမ်းဖျင်း တွက်လို့ရပါတယ်။ ကုန်သွယ်မှုပမာဏတက်ရင် ကုန်သွယ်မှုပမာဏနဲ့ လိုက်လျောညီထွေ သတ်မှတ်တဲ့ အခွန်က နိုင်ငံတော်ထဲကို တန်းဝင်ပါတယ်။”

လတ်တလောမှာ တရားမ၀င်ကုန်ပစ္စည်းတွေကို ဖမ်းဆီးအရေးယူခြင်း မပြုလုပ်သေးဘဲ ဒီနှစ်ကုန်ထိ ပညာပေးကာလအဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေပုံနဲ့ပတ်သက်ပြီး ဦးတင်ရဲဝင်းက “ကားတစီးကို စစ်လိုက်တယ်၊ ပစ္စည်းတခု လိုင်စင်မပါဘဲ ၀င်လာတာတွေ့ရင် အဲဒီပစ္စည်းကို လိုင်စင်လုပ်ပေးနိုင်တယ်ဆိုရင် သူ့ကို မူလ ၀င်လာတဲ့ မူဆယ်ဝင်ပေါက်ထဲကို လိုင်စင်ပြန်လုပ်ခိုင်းပါတယ်။ လိုင်စင်လုပ်နေဆဲ ကာလမှာတော့ အဲ့ပစ္စည်းကို ယာယီ ထိန်းသိမ်းထားပါတယ်။ ထိန်းသိမ်းတယ်ဆိုတာကလည်း ကျနော်တို့က ထိန်းသိမ်းတာမဟုတ်ပါဘူး။ သူတို့လူနဲ့ပဲ ကားနဲ့ပဲ ကျနော်တို့က သတ်မှတ်တဲ့နေရာအတွင်းမှာပဲ ခဏထားထားပြီးတော့ လိုင်စင်ပြန်လာတဲ့အချိန်မှာ ပါလာတဲ့ လိုင်စင်နဲ့ ကားပေါ်က ပစ္စည်းပြန်စစ်ပြီးတော့ သွားခွင့် သယ်ခွင့်ပေးလိုက်တဲ့ သဘောပါ။ ဆိုလိုတာက သူတို့ကို တရားဝင်လမ်းကြောင်းနဲ့သွားရတယ်။ တရားဝင်လမ်းကြောင်းနဲ့မလာရင် ပိုပြီးတော့ အခက်အခဲတွေ၊ ကြန့်ကြာမှုတွေ၊ ဈေးကွက်အချိန်မီမရောက်မှုတွေ တွေ့ရတယ်ဆိုတာကို တဖက်က မြေပြင်မှာပညာပေးရင်းနဲ့ တဖက်က တရားဝင်လမ်းကြောင်းပေါ်ကို ပြန်ဆွဲတင်တဲ့သဘောဆိုတော့ အရေးယူတာကို အဓိက မထားပါဘူး။”

ပညာပေးကာလ ကုန်ဆုံးသွားရင်တော့ ပစ္စည်းသိမ်းဆည်းပြီး အရေးယူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ် ကုန်သည်တဦးကတော့ စီးပွားကူးသန်းက အခုလို mobile teamတွေ ဖွဲ့ပြီး စစ်ဆေးဆောင်ရွက်လာတဲ့အတွက် ကုန်သွယ်မှုတွေ အရင်ကလောက် မသွက်တော့ဘူးလို့ ပြောပါတယ်။

“အခုက လိုင်စင်မဲ့လိုင်းကတော့ ရှိနေသေးတယ်။ မစစ်ဆေးတဲ့အချိန်မှာ ဥပမာ ညဘက်လိုမျိုး ကွေ့ဝိုက်ပြီးသွားတာမျိုး။ တချို့ကလည်း မလုပ်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ ကြာမြင့်တာတို့ဘာတို့၊ တချို့ကလည်း ခွင့်မပြုတဲ့ကုန်ဖြစ်လို့ ၀ိုက်တယ်။ ၀ိုက်တယ်ဆိုတာ ကွင်းတာပေါ့။ ကွင်းလမ်းကနေ ကွင်းတာမျိုးတော့ ရှိနေသေးတယ်။ ဒါပေမယ့် တခုလုံးကို ခြုံကြည့်ရင်တော့ ကျယ်ခေါင်၊ မူဆယ်အပိုင်းတွေမှာ ကုန်ပစ္စည်းတွေ စစ်ဆေးလို့ လုပ်ငန်းတွေ အများကြီး မသွက်တာတွေ့ရတယ်။ လိုင်စင်မဲ့တွေ အကုန်ရပ်နေတယ်။”

ထိုင်းမြန်မာနယ်စပ် မြ၀တီဘက်မှာလည်း တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်တာကို အခုလ ၂၀ ရက်ကစလို့  လုပ်ဆောင်နေပြီး နယ်စပ်ကုန်သွယ်ရေး စခန်းအားလုံး လုပ်ဆောင်သွားမယ်လို့ ဦးတင်ရဲဝင်းက ပြောပါတယ်။
“Mobile team တွေရဲ့ ရည်ရွယ်ချက်က ကုန်သည်တွေ၊ ပစ္စည်းတွေကို တားဆီးခြင်း၊ ဖမ်းဆီးခြင်း၊ သိမ်းဆည်းခြင်းက အဓိက မဟုတ်ပါဘူး။ တရားဝင်လမ်းကြောင်းပေါ်ကို မှန်မှန်ကန်ကန်ရောက်လာပြီးတော့ နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်ငွေဘဏ္ဍာရရှိရေးအတွက် အဓိက ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အဓိက ကုန်သွယ်မှုလမ်းကြောင်းတွေဖြစ်တဲ့ မူဆယ်၊ နောက် မြ၀တီ၊ ပြီးတာနဲ့ ကျန်တဲ့ လမ်းကြောင်းအသီးသီးမှာလည်း လုပ်နေသလို တပြိုင်နက် အကောင်အထည်ဖော်မှာကတော့ သက်ဆိုင်ရာ စခန်းတာဝန်ခံတွေရဲ့ အစီအစဉ်နဲ့ စခန်းဧရိယာဝန်းကျင်တွေမှာ စစ်ဆေးမှုတွေကို တပြိုင်နက်လုပ်မှာပါ။ အဲလိုလုပ်မှပဲ ကုန်ကျစရိတ်သက်သက်သာသာနဲ့ တရားမ၀င်ကုန်သွယ်မှုကို တားဆီးရာရောက်သလို စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းကိုလည်း စဉ်ဆက်မပြတ် ထိန်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေကို ပထမအဆင့် မူဆယ်၊ ဒုတိယအဆင့် မြ၀တီ၊ နောက်စခန်းအားလုံးကို တပြိုင်နက် စားသုံးသူအကာအကွယ်ပေးရေးနဲ့ သူ့အောက်မှာပါနေတဲ့ တရားမ၀င်မှောင်ခို ကုန်ပစ္စည်း တားဆီးရေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းရေးကို ရည်မှန်းပြီး ဆက် အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular