Home
မြန်မာသတင်း
အကြမ်းဖက်ခံ လိင်တူချစ်သူတွေအတွက် ဆုတောင်း
နော်နိုရင်း
·
November 20, 2012
နည်းမျိုးစုံနဲ့ အကြမ်းဖက်ခံခဲ့ရလို့ သေဆုံးသွားရတဲ့ နိုင်ငံတကာက လိင်တူချစ်သူတွေအတွက် ဆုတောင်းပွဲကို ဒီနေ့ မြန်မာပြည်တွင်းမှာ ကျင်းပပါတယ်။ ၀မ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းပွဲကို ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ ပြည်၊ ကျောက်ပန်းတောင်းနဲ့ မုံရွာ စတဲ့ မြို့တွေမှာ  တပြိုင်နက်တည်း ကျင်းပတာလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးပညာပေးဌာန (HREIB) ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။ [caption id="attachment_28032" align="alignleft" width="300" caption="ဦးအောင်မျိုးမင်း"][/caption] “လိင်တူချစ်သူတွေ ကမ္ဘာနဲ့အ၀န်းမှာ သတ်ဖြတ်မှုတွေရှိတယ်။ အဲထဲကမှ လိင်တူချစ်သူတဦး စတင်ပြီးတော့ လူသိရှင်ကြား သတ်ခံရတဲ့နေ့ကို ရွေးချယ်ပြီး ကမ္ဘာနဲ့အ၀န်း ကျင်းပတဲ့နေ့ဖြစ်လို့ ဒီနေ့ကို ရွေးချယ်တာဖြစ်တယ်။ ဒီနေ့ကတော့ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတာပါ။ ရန်ကုန်အပါအ၀င် ၆ နေရာမှာ တပြိုင်တည်း ကျင်းပမှာဖြစ်တယ်။ ကျင်းပတဲ့ပုံစံအမျိုးမျိုးရှိတယ်၊ တချို့ကလည်း သူတို့ရုံးခန်းမှာပဲ အခမ်းအနားလုပ်ပြီး ကျင်းပတယ်။ တချို့ကလည်း ဟိုတယ်လ်တွေမှာ လိင်တူချစ်သူတွေတင်မကဘဲ သူတို့ကို စာနာနားလည်သူတွေ၊ ဘုန်းတော်ကြီးတွေ အပါအ၀င် ဆုတောင်းအမျှဝေပေးတာတွေ ဒီလိုပုံစံလေးတွေ လုပ်ဆောင်မှာဖြစ်ပါတယ်။” ၀မ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းပွဲတွေကိုတော့ နိုဝင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းမှာ အားလုံးကျင်းပဖို့ရှိနေပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ လိင်တူချစ်သူတွေ သို့မဟုတ် ဆန့်ကျင်ဘက်လိင်လို ၀တ်ဆင်သူတွေကို သေဆုံးသွားအောင်အထိ အကြမ်းဖက်ခံရမှုတွေ မရှိသေးပေမယ့် အခြားနည်းတွေနဲ့ လိင်တူချစ်သူတွေ အကြမ်းဖက်ခံရတာတွေရှိတယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။ “သတ်ဖြတ်တဲ့အဆင့်ထိတော့ သတင်းတိတိကျကျ မရပါဘူး။ ဒါပေမယ့် လိင်တူချစ်သူ အထူးသဖြင့် ဆန့်ကျင်ဘက်လိင်လို ၀တ်စားဆင်ယင်သူတွေကိုတော့ မုန်းတီးမှုတွေ၊ အရှက်ခွဲမှုတွေ၊ အနိုင်ကျင့်မှုတွေ ရှိပါတယ်။ မကြာခင်ကပဲ မြန်မာနိုင်ငံမှာရှိတဲ့ လိင်တူချစ်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အကြမ်းဖက်ခံရမှုအကြောင်း သုတေသနလုပ်ပါတယ်။ ဒါလည်း မကြာခင်မှာ ထွက်ပါလိမ့်မယ်။ မြို့ကြီးပေါင်း ၈ မြို့မှာ လိင်တူချစ်သူ အထူးသဖြင့် အမျိုးသားကနေ အမျိုးသမီးအသွင် ၀တ်ဆင်တဲ့ သူတွေနဲ့ တွေ့ဆုံမေးမြန်းမှုမှာ သူတို့အပေါ် အကြမ်းဖက်မှုတွေ အမြောက်အမြားရှိနေတာ တွေ့ရတယ်။ အစိုးရပိုင်း တာဝန်ရှိတဲ့ ရဲ၊ လုံခြုံရေးတို့ကနေ အကြမ်းဖက် အရှက်ခွဲတာတင်မကဘူး၊ လူမှုပတ်ဝန်းကျင်မှာရှိတဲ့ အရပ်သားတွေ၊ သူငယ်ချင်း မိတ်ဆွေတွေက လိင်တူချင်း ချစ်သူဖြစ်လို့၊ ဆန့်ကျင်ဘက်လိင်လို ပြောင်းလဲဝတ်ဆင်လို့ အရှက်ခွဲ အနိုင်ကျင့်မှုတွေ၊ နှိပ်စက်ခံရတာတွေ မြန်မာနိုင်ငံမှာ အများကြီး ရှိနေတုန်းပါ။” ဒါကြောင့်လည်း မြန်မာနိုင်ငံအတွင်း လိင်တူချစ်သူတွေ သို့မဟုတ် ဆန့်ကျင်ဘက်လိင်လို ၀တ်ဆင်တဲ့ သူတွေကို ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024