Home
မြန်မာသတင်း
တပ်မတော်က နယ်ပယ်ပေါင်းစုံတွင် အတွေ့အကြုံရှိပြီး ပညာရှင်များလည်းရှိဟု ကာချုပ်ပြော
DVB
·
June 16, 2019
တိုင်းပြည်ရဲ့ လိုအပ်ချက်အရ တပ်မတော်အနေနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ၊ စိုက်ပျိုး မွေးမြူရေးနဲ့ သက်သာချောင်ချိရေးလုပ်ငန်းတွေကအစ နယ်ပယ်ပေါင်းစုံမှာ လုပ်ကိုင်တဲ့ အတွေ့အကြုံတွေ ရှိသလို ပညာရှင်တွေလည်း ရှိတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ မနေ့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဒေသခံတွေနဲ့ တွေ့ဆုံပြောကြားခဲ့တာလို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီး၊ အဖွဲ့ဝင်တွေဟာ မွေတော်ကက္ကူဘုရားကိုလည်း ရောက်ရှိ ဖူးမြော်ခဲ့သလို ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ်ဌာနေအဖွဲ့ နာယက ဦးအောင်ခမ်းထီကို တွေ့ဆုံနှုတ်ဆက်ပြီး အားဖြည့်ငှက်သိုက်ရည်တွေနဲ့ စားသောက်ဖွယ်ရာတွေ လက်ဆောင်ပေးခဲ့ပါတယ်။ ပြီးတော့ အောင်ဆုဟော်ဘုံဓမ္မာရုံမှာ ဒေသခံတွေနဲ့ တွေ့ဆုံပြီး တပ်မတော်ရဲ့ အဓိက တာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေးဖြစ်ပေမယ့် ခေတ်အဆက်ဆက်မှာ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေကိုလည်း ပါဝင်ကူညီဆောင်ရွက်ခဲ့ရပြီး တိုင်းပြည်ရဲ့ လိုအပ်ချက်အရ တပ်မတော် အနေနဲ့လည်း တည်ဆောက်ရေးလုပ်ငန်းတွေ၊ စိုက်ပျိုးမွေးမြူရေးနဲ့ သက်သာချောင်ချိရေး လုပ်ငန်းတွေကအစ နယ်ပယ်ပေါင်းစုံမှာ လုပ်ငန်းအတွေ့အကြုံတွေရှိပြီး  ပညာရှင်တွေလည်း ရှိတယ် လို့ ပြောပါတယ်။ မိမိအနေနဲ့ တိုင်းရင်းသားဒေသ အားလုံးကို တပြေးညီတိုးတက်စေချင်ပေမယ့် တချို့ ဒေသတွေမှာ နယ်မြေဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးရာမှာ အခက်အခဲရှိတယ်လို့ ပြောပါတယ်။ ပြီးတော့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ကဏ္ဍတွေအားလုံးမှာ ကောင်းကျိုး၊ ဆိုးကျိုးအားလုံးကို ဖန်တီးနိုင်ခွင့်ဟာ တိုင်းရင်းသားပြည်သူတွေရဲ့ လက်ဝယ်မှာရှိတာ အကောင်းဆုံး ဖြစ်ပြီး ဖန်တီးနိုင်ခွင့် တွေကို တခြားက ချုပ်ကိုင်ထားမယ်ဆိုရင် လွတ်လပ်ရေး ဆုံးရှုံးသလိုဖြစ်ပြီး အဲဒါဟာ  အမျိုးသား နိုင်ငံရေးဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းကလည်း မွေတော်ကက္ကူကို သွားရောက် ခဲ့သလို စက်တင်ဘာလတုန်းကတော့ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးမြို့က ပအိုဝ်းငြိမ်းချမ်းရေး အဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခမ်းထီကို နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာလည်း မနှစ်က ဧပြီမှာ ဦးအောင်ခမ်းထီကို အိမ်မှာ သွားရောက် တွေ့ဆုံခဲ့သလို နိုဝင်ဘာလမှာတော့ ဦးအောင်ခမ်းထီက နေပြည်တော်ကို လာပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024