Home
မြန်မာသတင်း
ရန်ကုန်မြို့တော်ခန်းမကို ပြတိုက်အဖြစ်ထားရန် အစိုးရက စီစဉ်နေ
ပြည့်ဘုန်းအောင်
·
June 16, 2019
ရန်ကုန်မြို့တော်ခန်းမကို ပြတိုက်အဖြစ်ထားဖို့ အစိုးရက စီစဉ်နေတယ်လို့ တိုင်းလွှတ်တော် အမတ်တွေက ပြောပါတယ်။ လက်ရှိ စည်ပင်ရုံးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ရန်ကုန်မြို့တော်ခန်းမကို အများပြည်သူ ဝင်ထွက်သွားလာနိုင်တဲ့ ပြတိုက်တခုအဖြစ် အစိုးရက စီစဉ်နေပြီး စည်ပင်လုပ်ငန်းတွေ ပြောင်းရွှေ့လုပ်ကိုင်ဖိုအတွက် ဘတ်ဂျက်ငွေ စုစုပေါင်း ကျပ်သန်း ၁ သောင်းနီးပါး တောင်းခံထားတယ်လို့ ပြည်သူ့ငွေစာရင်းကော်မတီက ပြောပါတယ်။ ပြတိုက်အဖြစ် ပြောင်းလဲဖွင့်လှစ်နိုင်အောင်ဆောင်ရွက်ဖို့အတွက် စည်ပင်ရုံးလုပ်ငန်းတွေကို ဗိုလ်တထောင်က လေမှုတ်စက်ဝင်းထဲကို ပြောင်းရွှေ့လုပ်ကိုင်ဖို့ အစိုးရက စီစဉ်နေတယ်လို့ ပန်းပဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောပါတယ်။ “ကျနော်တို့က ကြိုဆိုပါတယ်။ ဒီမြို့တော်ခန်းမက မြို့တော်ရဲ့အလယ်ခေါင်မှာရှိတယ်။ ပြီးတော့ ဒီရုံးကို သူတို့ရဲ့ ကိစ္စတွေအတွက်လာရတဲ့အတွက် ယာဉ်ကျပ်တည်းမှုတွေလည်း ဖြစ်တယ်။ သူ့ကို သီးသန့် ဟိုဘက်ကိုရွေ့တာလည်း ကြိုက်တယ်။ ဒါပေမယ့်ဒီဟာကြီးကို ဘယ်လိုအသုံးချမလဲ။” ရန်ကုန်မြို့တော်ခန်းမကို ပြတိုက်အဖြစ်ထားဖို့ အစိုးရက စီစဉ်နေမှုကို ကိုယ်စားလှယ်တွေ က ကန့်ကွက်မှုမရှိပေမယ့် အပြောင်းအရွှေ့အတွက် မှတ်တမ်းထိန်းသိမ်းရေး အဆောက်အဦ ဆောက်ဖို့ကို စည်ပင်အနေနဲ့ တောင်းခံထားတဲ့ ဘက်ဂျက်ငွေကတော့ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကိုယ်စားလှယ်တွေက ဝေဖန်ပြောဆိုကြပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိတော့ စည်ပင်ရုံးလုပ်ငန်းတွေကို မြို့တော်ခန်းမကနေ လေမှုတ်စက်ဝင်း ပြောင်းရွှေ့မယ့်ကိစ္စနဲ့ပတ်သက်လို့ အစိုးရက လွှတ်တော်ကိုယ်စားလှယ်တွေကို တရားဝင်ချပြတာ မရှိသေးဘူးလို့လည်း ကိုယ်စားလှယ်တွေက ပြောပါတယ်။ ရန်ကုန်တိုင်း  ပြည်သူ့ငွေစာရင်းကော်မတီဝင် ဒေါ်ကြည်ပြာက “မြို့တော်ခန်းမထဲမှာ ရှိတဲ့ စည်ပင်ရုံးတွေကို တခြားသီးခြားတနေရာမှာ လုပ်မယ်ဆိုတာကို သဘောကျတယ်။ မြို့တော်ခန်းမကို မြို့တော်ခန်းမအတိုင်းထားခဲ့ ပြတိုက်ပဲလုပ်လုပ်၊ အများပြည်သူ လေ့လာလို့ရတဲ့ နေရာပဲ လုပ်လုပ်၊ နိုင်ငံခြားတွေအတွက် တိုးရစ်အထရပ်ရှင်နေရာ ဖန်တီးဖန်တီးရတယ်။ ဒါပေမယ့် ဒီဘက်မှာ ဌာနမှာ ၇ ဌာနရှိတယ်။ သူတို့အခွဲတွေနဲ့ ဘယ်နှထပ်ဆောက်ပြီးတော့၊ ကော်မတီရုံးခန်းကို ဘယ်နှထပ်စသဖြင့်ပေါ့ ပလန်လေးနဲ့ပါရင် လက်ခံနိုင်တယ်။ အခုက ပလန် မပါဘဲ။ မနှစ်တုန်းက ၂ ထောင်တောင်းတယ်။ ကြားထဲမှာ ၇ ရာတောင်းတယ်။ ပြီးတော့ ဒီနှစ် ၇ ထောင် ထပ်တောင်းတယ်ဆိုတော့ ဘာမှ အတွက်အချက်လည်းမပါဘူး။ ဘယ်လိုပုံစံဆောက်မယ် တောင် မသိရှိရဘဲ ဘလိုင်းကြီး ခွင့်ပြုပေးရမယ်ဆိုတော့ အဆင်မပြေဘူး။” လို့ ပြောပါတယ်။ ရန်ကုန်မြို့တော်ခန်းမက အရင် ကိုလိုနီခေတ်လက်ထက်ကတည်းက ဆောက်လုပ်ထားတဲ့ ရှေးဟောင်းအဆောက်အဦတခုဖြစ်ပြီး လက်ရှိမှာတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး လုပ်ငန်းတွေအတွက် အဓိကရုံးစိုက်ရာနေရာတခုပါ။ အရင် စစ်အစိုးရ လက်ထက်တုန်းကတော့ ဒီခန်းမကို ပျော်ပွဲ၊ ရွှင်ပွဲတွေ ခန်းမတွေအဖြစ် အသုံးပြုခဲ့ဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024