ဆိုမာလီတွင် အစ္စလာမ္မစ်သူပုန်များက ဗုံး ၂ လုံး ဖောက်ခွဲ၊ ၈ ဦး သေဆုံး

1.2K
ဆိုမာလီနိုင်ငံရဲ့မြို့တော် မိုဂါဒစ်ရှူးမှာ အစ္စလာမစ် သူပုန်တွေက ဗုံး ၂ လုံးကို ဇွန်လ ၁၅ ရက်က ဖောက်ခွဲခဲ့ပါတယ်။
K4 လမ်းဆုံမှာ ပထမ ကားဗုံး ပေါက်ကွဲခဲ့ပြီး အသေအပျောက် မရှိခဲ့ဘူးလို့ ရဲတွေက ပြောပါတယ်။ ဒုတိယ ပေါက်ကွဲမှုကြောင့် လူ ၈ ဦးသေပြီး ၁၆ ဦး ဒဏ်ရာ ရတယ်လို့ လူနာတင်ယာဉ်ဌာနက ပြောပါတယ်။
ဒီဖောက်ခွဲမှု ၂ ရပ်လုံးကို သူတို့လုပ်တာလို့ အယ်လ်ရှာဘတ် သူပုန်တွေက အခိုင်အမာ ပြောပါတယ်။ စနေနေ့က သီးခြားဖြစ်ရပ်အတွင်း ဆိုမာလီနဲ့ ကင်ညာ ၂ နိုင်ငံ နယ်စပ်နားမှာ ကားတစီး ကင်းလှည့်နေတုန်း လမ်းဘေးမှာ ထောင်ထားတဲ့ ဗုံးတလုံး ပေါက်ကွဲခဲ့ပါတယ်။
ဒါကြောင့် ကားပေါ်ပါသူ ရဲအရာရှိ ၁၁ ယောက်ထဲက လူအတော်များများ သေဆုံးတယ်လို့ ကင်ညာရဲဌာန ပြောခွင့်ရက ပြောပါတယ်။
ဆိုမာလီ အစ္စလာမ္မစ် သူပုန်တွေက သူတို့ တိုက်ခိုက်တာလို့ ပြောပါတယ်။ ကင်ညာ အရံ ရဲတပ်ဖွဲ့ဝင် ၃ ယောက်ကိုလည်း ဆိုမာလီနဲ့ ကင်ညာနယ်စပ်က ဝါဂျီယာ ခရိုင်ထဲမှာ ဇွန်လ ၁၄ ရက်က ပြန်ပေးဆွဲခဲ့ပါတယ်။
ကင်ညာစစ်တပ်ဟာ ၂၀၁၁ ကတည်းက ၂ နိုင်ငံ နယ်စပ်တလျှောက်က ဆိုမာလီ တောင်ပိုင်းဒေသကို သိမ်းပိုက်ထားပါတယ်။
ဆိုမာလီ ပြည်သူ့စစ်တွေနဲ့ မဟာမိတ် ကင်ညာတွေဟာ အယ်လ်ရှာဘတ်တွေ သိမ်းထားတဲ့ နယ်မြေကို ထိန်းချုပ်နိုင်ရေး ကြိုးစားနေပါတယ်။
အယ်လ်ရှာဘတ်တွေဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မဟာမိတ်တွေ ကျောထောက်နောက်ခံ ပေးထားတဲ့ ဆိုမာလီအစိုးရကို တိုက်ခိုက်ပြီး တင်းကြပ်တဲ့ အစ္စလာမ္မစ် ဥပဒေနဲ့ တိုင်းပြည်ကို အုပ်ချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။