Home
အနုပညာ
ပရိသတ်နှင့် တသားတည်းကျမကျ ရင်ခုန်စောင့်မျှော်ကြရမည့် The Voice Myanmar ဖိုင်နယ်ည (ရုပ်သံ)
DVB
·
June 15, 2019
ပြိုင်ဆိုင်မှု အရှိန်တဖြည်းဖြည်း မြင့်တက်လာနေတဲ့ The Voice Myanmar သီ ချင်းဆိုပြိုင်ပွဲဟာ သီတင်းပတ်တပတ်ပြီးတပတ် ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ပေးခဲ့သလို အခုတပတ်မှာတော့ နောက်ဆုံးဖိုင်နယ်အဆင့်ပြိုင်ပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲမှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေ ရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။ ခုလာမယ့် နောက်ဆုံးအဆင့် ပြိုင်ပွဲမှာတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆီမီးဖိုင်နယ်မှာ အဆိုပညာအစွမ်းပြပြီး တက်ရောက်လာနိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က အပြီးသတ် ယှဉ်ပြိုင်ကြရတော့မှာပါ။ ပြိုင်ပွဲဝင်တွေဟာ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့် စတဲ့ ပြိုင်ပွဲအဆင့်တွေကို အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး Grand Final အဆင့်ကို ရောက်ရှိလာတာပါ။ Coach ၄ ယောက်ဖြစ်တဲ့ ကျားပေါက်၊ နီနီခင်ဇော်၊ R. ဇာနည်နဲ့ ရန်ရန်ချန်းတို့ရဲ့ အဖွဲ့တဖွဲ့စီက ပြိုင်ပွဲဝင် တယောက်ချင်းစီမှာ အားသာချက်တွေ ကိုယ်စီရှိနေကြတာမို့ ဘယ်သူက Winner ဖြစ်သွားနိုင်မယ်ဆိုတာကို ခန့်မှန်းဖို့ မလွယ်ကူလှပါဘူး။ ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ်အဆင့်မှာတော့ ပရိသတ်က မဲပေးရွေးချယ်တဲ့ Voting ၆၀ ရာခိုင်နှုန်းနဲ့ Coach တဦးချင်းစီရဲ့ Voting ၄၀ ရာခိုင်နှုန်းနဲ့အတူ တဖွဲ့က ပြိုင်ပွဲဝင်တဦးကိုသာ ရွေးချယ်ပြီး Grand Final အဆင့်ကို တက်ရောက်စေခဲ့တာပါ။ ပရိသတ်တွေက ကြိုက်နှစ်သက်ရာ ပြိုင်ပွဲဝင်တွေကို ဒီပြိုင်ပွဲရဲ့ Main Sponsor ဖြစ်တဲ့ MPT မှတဆင့် မဲပေးနိုင်မှာ ဖြစ်ပြီး ပရိသတ်ပေးတဲ့ မဲနဲ့ Winner ဆုရှင်တထပ်တည်း ကျမကျဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ နိုဗန်ထူး(55506) မွန်ဝတ်စုံ၊ ကရင်ဝတ်စုံစတဲ့ ရိုးရာဖက်ရှင်တွေနဲ့ ပုံစံတမျိုး ထူးခြားနေပြီး အကြမ်း စားသီချင်းတွေနဲ့ သီဆိုဖျော်ဖြေတတ်တဲ့ နိုဗန်ထူးဟာ ပရိသတ်တွေကြားမှာလည်း ရေပန်းစားနေတဲ့ ပြိုင်ပွဲဝင်တယောက်ဖြစ်ပါတယ်။ နိုဗန်ထူးဟာ Blind Audition မှာတုန်းကလည်း  Slipknot ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ Spit It Out သီချင်းနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Coach တဦးဖြစ်တဲ့ ကျားပေါက်ရဲ့ အဖွဲ့ထဲကို ရောက်ရှိခဲ့တာပါ။ နောက်တဆင့်ဖြစ်တဲ့ Battle Round မှာတော့ သူက ပြိုင်ဘက် ခိုင်ဇံနဲ့ သီချင်းတပုဒ်ကို စုံတွဲသီဆိုပြီး ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအဆင့်မှာတော့ သူတို့ ၂ ယောက်ဟာ လေးဖြူသီဆိုထားတဲ့ အသုံးမကျတဲ့ နှင်းဆီသီချင်းနဲ့ အပြိုင်ကြဲ သီဆိုဖျော်ဖြေခဲ့ကြတာ ဖြစ်ပြီး ကျားပေါက်ရဲ့ ဆက်လက်ရွေးချယ်မှုနဲ့  နောက်တဆင့် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Knock Out Round မှာတော့ နိုဗန်ထူးက Linkin Park ရဲ့ Faint သီချင်းနဲ့ ဖြတ် ကျော်နိုင်ခဲ့ပြီး Liveshow အဆင့်မှာတော့ Slipknot ရဲ့ Wait and Bleed သီချင်းနဲ့ ဆီမီး ဖိုင်နယ်အဆင့်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ ကျားပေါက်ရေးစပ်ပေးပြီး နာမည်ကြီး ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ် သီဆိုခဲ့တဲ့ ခင်ဗျားတို့အကြောင်း အမည်ရတဲ့ သီချင်းနဲ့ ပြိုင်ဘက် ညိုမီမီထွန်းကို ဖြတ်ကျော်ပြီး ဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့တာပါ။ ဟေဇယ်လ်(55503) အိပ်မက်ဆုံရာ ရာသက်ပန် Season 2 မှာ First Runner Up ဆုကို ရရှိခဲ့တဲ့ ပြိုင်ပွဲဝင် ဟေဇယ်လ်ကတော့ Blind Audition မှာ အဆိုတော် ချောစုခင်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ကိုယ့်အတွက်အိပ်မက် မင်းမက်လား သီချင်းနဲ့ အစွမ်းပြပြီး ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Coach ၄ ယောက်စလုံးက ပြိုင်တူ လှည့်ကြည့်ခဲ့ကြတာ ဖြစ်ပါတယ်။ သူက Coach ကို ရွေးချယ်ချိန်မှာတော့ Coach တဦးဖြစ်တဲ့ နီနီခင်ဇော်ရဲ့ အဖွဲ့ထဲကို ရောက်ရှိခဲ့တာပါ။ နောက်တဆင့်ဖြစ်တဲ့ Battle Round မှာတော့ သူက ပြိုင်ဘက် မယ်လိုဒီခေါင်နဲ့ သီချင်းတပုဒ်ကို အပြိုင်ကြဲသီဆိုပြီး ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအဆင့်မှာတော့ သူ တို့ ၂ ယောက်ဟာ အဆိုတော် တင်ဇာမော်ရဲ့ သိပ်ချစ်ရင်ခါးမယ် သီချင်းနဲ့ သီဆိုဖျော် ဖြေခဲ့ကြတာဖြစ်ပြီး နီနီခင်ဇော်ရဲ့ ဆက်လက်ရွေးချယ်မှုနဲ့  နောက်တဆင့် တက်ရောက် နိုင်ခဲ့တာပါ။ Knock Out Round မှာတော့ အဖွဲ့ထဲက ပြိုင်ပွဲဝင် ၄ ယောက်သီချင်းတပုဒ်စီနဲ့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ဟေဇယ်လ်က ဖြူဖြူကျော်သိန်းရဲ့ မိုးရေစက်များသီချင်းကို အားမာန်အပြည့်နဲ့ သီချင်းရသကို ပီပီပြင်ပြင် ဖော်ကျူးပြီး ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ Liveshow အဆင့်မှာတော့ ဟေဇယ်လ်က တင်ဇာမော်သီဆိုထားတဲ့ ဘုံသီချင်းနဲ့ အစွမ်းပြ သီဆိုကာ Semi Final အဆင့်ထိ တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်မှာတော့ ဟေဇယ်လ်က နီနီခင်ဇော်ရဲ့ ခရေလမ်းဒိုင်ယာရီ သီချင်းနဲ့  ပြိုင်ဘက် Nicholas Pasangma ကို ဖြတ်ကျော်ပြီး Grand Final အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပေါလ်အော်စတင်(55513) လားရှိုးမြို့ဇာတိ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါလ်အော်စတင်ဟာ The Voice Thailand မှာလည်း ကြိုးစားယှဉ်ပြိုင်ခဲ့ဖူးပြီး ဘာသာစကားအခက်အခဲကြောင့် လတ်တလော မြန်မာပြည်ကို ပြိုင်ပွဲဝင်ရောက်လာတော့မှ ပါဝင်ဖြစ်ခဲ့တာပါ။ သူက Blind Audition အဆင့်မှာတော့ နာမည်ကြီး အဆိုတော် Adele ရဲ့ When We Were Young သီချင်းနဲ့ ယှဉ်ပြိုင်သွားခဲ့တာဖြစ်ပြီး Coach ၄ ယောက်စလုံးကို နောက်ပြန်လှည့်ကြည့်စေနိုင်အောင် အဆိုစွမ်းပြနိုင်ခဲ့ပြီး Coach R.ဇာနည်ရဲ့ အဖွဲ့ထဲကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ နောက်တဆင့်ဖြစ်တဲ့ Battle Round မှာတော့ အဆိုတော် Calum Scott ရဲ့ You Are The Reason သီချင်းနဲ့ နောက်တဆင့် တက်လှမ်းနိုင်ခဲ့ပြန်ပါတယ်။ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ အခုနှစ်မှ ထည့်သွင်းယှဉ်ပြိုင်စေခဲ့တဲ့ KnockOut Round မှာတော့ အဆိုတော် R. ဇာနည် သီဆိုခဲ့တဲ့ နောက်ဆုံးရင်ခွင်သီချင်းနဲ့ အစွမ်းပြခဲ့ပြန်ပါတယ်။ နောက်တဆင့်ဖြစ်တဲ့ Liveshow အဆင့်ပြိုင်ပွဲမှာတော့ ပေါလ်အော်စတင်ဟာ အဆိုတော် ဖိုးကာရဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ လမ်းခွဲနဲ့ နောက်တဆင့်ကို တက် ရောက်သွားနိုင်ခဲ့တာပါ။ ဆီမီးဖိုင်နယ်အဆင့် ပြိုင်ပွဲမှာတော့ သူက အဆိုတော် Rachel Platten ရဲ့ သီချင်း တပုဒ်ဖြစ်တဲ့ Fight Song သီချင်းနဲ့ ယှဉ်ပြိုင်ကာ အဖွဲ့ထဲက ပြိုင်ဘက်လင်းခက်ကို ဖြတ်ကျော်ပြီး နောက်ဆုံး ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မယ်လိုဒီခေါင်(55512) အသက် ၂၀ နှစ်အရွယ် မယ်လိုဒီခေါင်ဟာ The X Factor Myanmar Season 2 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူတဦးဖြစ်ပြီး The Voice Myanmar ရဲ့ Blind Audition မှာတော့ အဆိုတော် ၀ိုင်းလေးရဲ့ GoodBye သီချင်းနဲ့ သီဆိုခဲ့ပြီး Coach နီနီခင်ဇော်ရဲ့ အဖွဲ့ထဲကို ရောက်ရှိလာခဲ့တာပါ။ Battle Round မှာတော့ သူက အဖွဲ့ထဲက ပြိုင်ဘက် ဟေဇယ်လ်နဲ့အတူ အဆိုတော် တင်ဇာမော်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ သိပ်ချစ်ရင်ခါးမယ် သီချင်းနဲ့ အပြိုင်ကြဲ သီဆိုယှဉ်ပြိုင်ခဲ့ကြပြီး နီနီခင်ဇော်က ဟေဇယ်လ်ကို ရွေးချယ်ခဲ့ချိန်မှာ Coach နောက်တဦးဖြစ်တဲ့ အဆိုတော် ရန်ရန်ချန်းရဲ့ Steal လုပ် ဆက်လက်ရွေးချယ်မှုနဲ့ နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်တဆင့်ဖြစ်တဲ့ KnockOut Round မှာတော့ မယ်လိုဒီခေါင်ဟာ အဆိုတော် Rihanna ရဲ့ Where Have You Been သီချင်းနဲ့ အဆိုပညာစွမ်းပြနိုင်ခဲ့ပြီး တဆင့် တက်လှမ်းနိုင်ခဲ့ပြန်ပါတယ်။ Live Show အဆင့်ပြိုင်ပွဲမှာတော့ Shine ရဲ့ သီချင်းကောင်းတပုဒ်ဖြစ်တဲ့ The Old You သီချင်းကို ပီယာနိုတီးခတ်မှုနဲ့အတူ တွဲဖက်သီဆိုဟန်ဟာ ဒိုင်တွေကိုရော ပရိသတ်တွေကိုပါ ဖမ်းစားနိုင်ခဲ့ပြီး ပရိသတ်ပေးတဲ့ မဲအများဆုံးနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်မှာတော့ မယ်လိုဒီခေါင်က ဖြိုးပြည့်စုံရဲ့ ခိုလှုံရာ သီချင်းနဲ့ လှလှပပ သီဆိုယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက် Solomon King ကို ဖြတ်ကျော်ကာ ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မတူညီတဲ့ သီချင်းအမျိုးအစားတွေနဲ့ အပြိုင်ကြဲ ယှဉ်ပြိုင်ကြရမယ့် The Voice Myanmar Grand Final ညချမ်းကတော့ မကြာခင် ရောက်ရှိလာတော့မှာမို့ ပရိသတ်တွေ ကြိုတင်ရင်ခုန်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024