Home
အနုပညာ
ပြိုင်ပွဲအဆင့် ၅ ဆင့်ဖြတ်ကျော်ပြီး The Voice Myanmar ဖိုင်နယ်ထိ တက်ရောက်သွားခဲ့သည့် Paul Austin(ရုပ်သံ)
DVB
·
June 14, 2019
အဆိုပညာအစွမ်းတွေ အရည်အချင်းတွေ အပြိုင်အဆိုင်ရှိကြတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်တွေထဲမှာ Paul Austin ဟာလည်း တယောက် အပါအ၀င်ပါပဲ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ Semi Final အဆင့် ပြိုင်ပွဲမှာတော့ သူက အဆိုတော် Rachel Platten ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ Fight Song သီချင်းနဲ့ ယှဉ်ပြိုင်ကာ အဖွဲ့ထဲက ပြိုင်ဘက်လင်းခက်ကို ဖြတ်ကျော်ပြီး နောက်ဆုံးဖိုင်နယ်အဆင့်ကို တက်ရောက် သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လားရှိုးမြို့ဇာတိ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Paul Austin ဟာ The Voice Thailand မှာလည်း ကြိုးစားယှဉ်ပြိုင်ခဲ့ဖူးပြီး ဘာသာစကားအခက်အခဲကြောင့် လတ်တလော မြန်မာပြည်ကို ပြိုင်ပွဲဝင်ရောက်လာတော့မှ ပါဝင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သူက Blind Audition အဆင့်မှာတော့ နာမည်ကြီး အဆိုတော် Adele ရဲ့ When We Were Young သီချင်းနဲ့ ယှဉ်ပြိုင်သွားခဲ့တာ ဖြစ်ပြီး Coach ၄ ယောက်စလုံးကို နောက်ပြန်လှည့်ကြည့်စေနိုင်အောင် အဆိုစွမ်းပြနိုင်ခဲ့ပြီး Coach R.ဇာနည်ရဲ့ အဖွဲ့ထဲကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ နောက်တဆင့်ဖြစ်တဲ့ Battle Round မှာတော့ အဆိုတော် Calum Scott ရဲ့ You Are The Reason သီချင်းနဲ့ နောက်တဆင့် တက်လှမ်းနိုင်ခဲ့ပြန်ပါတယ်။ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ အခုနှစ်မှ ထည့်သွင်းယှဉ်ပြိုင်စေခဲ့တဲ့ KnockOut Round မှာတော့ အဆိုတော် R. ဇာနည် သီဆိုခဲ့တဲ့ နောက်ဆုံးရင်ခွင်သီချင်းနဲ့ အစွမ်းပြခဲ့ပြန်ပါတယ်။ နောက်တဆင့်ဖြစ်တဲ့ Liveshow အဆင့်ပြိုင်ပွဲမှာတော့ Paul Austin ဟာ အဆို တော် ဖိုးကာရဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ လမ်းခွဲနဲ့ နောက်တဆင့်ကို တက်ရောက် သွားနိုင်ခဲ့တာပါ။ အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲမှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။ ဒီပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။ Semi Final အဆင့်မှာ Coach ၄ ယောက်ရဲ့ အဖွဲ့တဖွဲ့စီက ပြိုင်ပွဲဝင် ၂ ဦးစီနဲ့ ၈ ယောက် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး Coach R. ဇာနည်ရဲ့ အဖွဲ့ထဲက လင်းခက်နဲ့ Paul Austin တို့ကလည်း သီချင်းတပုဒ်စီနဲ့ ယှဉ်ပြိုင်ခဲ့ကြတာပါ။ ဆီမီးဖိုင်နယ်အဆင့်မှာတော့ ပရိသတ်က မဲပေးရွေးချယ်တဲ့ Voting ၆၀ ရာခိုင်နှုန်း နဲ့ Coach တဦးချင်းစီရဲ့ Voting ၄၀ ရာခိုင်နှုန်းနဲ့အတူ တဖွဲ့က ပြိုင်ပွဲဝင်တဦးကိုသာ ရွေးချယ်ပြီး Grand Final အဆင့်ကို ခေါ်ဆောင်သွားရမှာ ဖြစ်တာမို့ အားလုံးက ရင်ခုန် စိတ်လှုပ်ရှားခဲ့ကြတာပါ။ ပြိုင်ပွဲဝင်တွေ အားလုံးသီဆိုနေကြချိန်မှာတော့ ပရိသတ်တွေက မဲပေးရွေးချယ်ဖို့ အချိန်တခုပေး ထားခဲ့ပြီးနောက်မှာတော့ ရလဒ်တွေကို ကြေညာချိန်ကို ရောက်ရှိလာခဲ့တာပါ။ နောက်ဆုံးမဲပေးရွေးချယ်မှုတွေ ပိတ်ချိန်ရောက်လာပြီး ရလဒ်တွေကို ကြေညာပေး ချိန်မှာတော့ Paul Austin က Grand Final အဆင့်အတွက် ရွေးချယ်ခံခဲ့ရပြီး ထူးအိမ် သင်ရဲ့ အလင်းဆိုင်ရဲ့သီချင်းအမည်ရတဲ့ သီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ လင်းခက်ကတော့  ပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024