အုပ်စုဖွဲ့အကြမ်းဖက်မှုသည် နိုင်ငံရေးမဟုတ်

Communal Violence ကို အုပ်စုဖွဲ့ အကြမ်းဖက်မှုဟု ပြန်ဆိုကြပါသည်။ တိုင်းပြည်တပြည်၏ နိုင်ငံရေးအသွင်ပြောင်းဆဲကာလမျိုးတွင် ဤသို့သော အကြမ်းဖက်မှု ဖြစ်ရပ်မျိုး ပေါ်ပေါက်လာတတ်သည်မှာ ဖြစ်လေ့ဖြစ်ထရှိစမြဲဟုပင် ဆိုရမည်ထင်သည်။ အထူးသဖြင့် အာဏာရှင်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့ ကူးပြောင်းသော နိုင်ငံများတွင် အုပ်စုဖွဲ့ အကြမ်းဖက်မှုမျိုး ပေါ်ပေါက်တတ်ပါသည်ဟု အုပ်စုဖွဲ့ အကြမ်းဖက်မှုအကြောင်း လေ့လာသူ Gerry Van Klinken က ပြောခဲ့ဖူးသည်။ အုပ်စုဖွဲ့ အကြမ်းဖက်မှုသည် လူထုဆန္ဒပြပွဲနှင့် မတူ။ သပိတ်မှောက်ခြင်းမျိုးလည်း မဟုတ်။ အုပ်စုဖွဲ့ အကြမ်းဖက်ပြီး တိုင်းပြည်မငြိမ်မသက်လုပ်ရုံသာ ဖြစ်သည်။ အုပ်ချုပ်မှုစနစ်တခုမှတခုသို့ ပြောင်းလဲခြင်းမျိုးကို ကြိုက်သူလည်း ရှိသကဲ့သို့ မနှစ်ခြိုက်သူတို့လည်း ရှိတတ်သည်။ ထိုအပြောင်းအလဲကို မကြိုက်သူတို့က အစပိုင်းတွင် လူထုနည်းဖြင့် ဆန္ဒပြခြင်း (Demonstration) မျိုးကို ဖန်တီးပြီး တဖြည်းဖြည်း ရင့်မှည့်လာချိန်တွင် ရုန်းရင်းဆန်ခတ်အသွင်သို့ ပြောင်းလဲသွားစေတတ်ပါသည်။ ဤအဆင့်သို့ ရောက်သည်နှင့် အုပ်စုဖွဲ့ အကြမ်းဖက်မှုဆီသို့ လူအုပ်စုအား အသိမဲ့ ခေါ်ဆောင်သွားတတ်ကြသည်။ ယင်းသို့ ခေါ်ဆောင်ရာတွင် စည်းရုံးရန် အလွယ်ကူဆုံးမှာ အမျိုးဘာသာသာသနာပင် ဖြစ်သည်ဟု ဆိုပါသည်။ ဘာသာရေးနှင့် လူမျိုးရေးသည် အကြမ်းဖက်မှုအတွက် ဖောက်ခွဲရန် အလွယ်ကူဆုံး စနက်တံတခုပင် ဖြစ်သည်။ ထို့ကြောင့် အုပ်စုဖွဲ့ အကြမ်းဖက်မှုကို ကျူးလွန်သူများသည် ဘာသာရေးနှင့် လူမျိုးရေး အစွန်းရောက်တွေ အများဆုံးဖြစ်သည်ဟု အုပ်စုဖွဲ့အကြမ်းဖက်မှုကို လေ့လာသူ ပညာရှင်များက ပြောခဲ့ကြခြင်းဖြစ်သည်။ ဤသို့သော အုပ်စုဖွဲ့ အကြမ်းဖက်သမားတို့က သူတို့ကိုယ်သူတို့ အုပ်စုအသွင်ဆောင် နိုင်ငံရေး (Contentious Politic) အဖြစ် ယူဆလေ့ ရှိတတ်ကြသည်လည်း တွေ့ရသည်။ သို့သော် ၎င်းတို့သည် အုပ်စုအသွင်ဆောင် နိုင်ငံရေးနှင့် အခြေခံအယူအဆမှာ များစွာကွာခြားသည်။ တခါတရံ ပါတီတခုအဖြစ် အမည်ခံထားသော်လည်း အုပ်စုဖွဲ့ အကြမ်းဖက်မှုအသွင် ဆောင်သွားတတ်သည်တို့လည်း ရှိတတ်သည်။ ခိုင်မာသော အဖွဲ့အစည်းတခုက အခြား အင်အားကောင်းသော အဖွဲ့အစည်းတခုကို အကျိုးတူသယောင် ဟန်ပြ၍ မိမိအဖွဲ့အစည်းအတွက် ပူးပေါင်း အသုံးချတတ်သည်တို့လည်း ရှိတတ်သည်။ ထိုအဖွဲ့အစည်းမျိုးကို မြန်မာ လူ့အဖွဲ့အစည်းတွင် လက်မည်းကြီးဟု ကင်ပွန်းတပ်၍ နောက်ကွယ်တွင် ပြောဆိုလေ့ ရှိတတ်သည်။ အချို့သော အခြေနေမျိုးတွင် အစိုးရကိုယ်တိုင် ကျူးလွန်သည်တို့လည်း ရှိတတ်သည်။ သြဇာအာဏာ ရှိသူတို့၏ အကာကွယ်ကိုယူ၍ ကျူးလွန်သည်တို့လည်း ရှိတတ်ပါသည်။ ၂၀၀၃ ခုနှစ်မေလ ၃၀ရက် ဒီပဲယင်း အဓိကရုဏ်းကို အစိုးရကိုယ်တိုင် အကြမ်းဖက်မှုအဖြစ် ထိုအချိန်က သုံးသပ်ခဲ့ကြသည်။ ဤသည်မှာလည်း အုပ်စုဖွဲ့ အကြမ်းဖက်မှုတခုပင် ဖြစ်သည်။ အဖွဲ့အစည်းနှစ်ခု၏ ရုန်းရင်းဆန်ခတ်ဖြစ်မှုဟု မည်သို့ပင် ဆိုစေကာမူ ထိုစဉ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို တပ်မတော်ကပင် ဦးဆောင်ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အဆိုပါဖြစ်စဉ်ကို အစိုးရကိုယ်တိုင် အကြမ်းဖက်မှု ကျူးလွန်ခြင်းသာ ဖြစ်ဟန်ရှိသည်ဟု နိုင်ငံရေးအကဲခတ်သူတို့က ဝေဖန်သုံးသပ်ခဲ့ကြပါသည်။ ထိုစဉ်က အကြမ်းဖက်မှုသည် နိုင်ငံရေးအပေါ် အခြေပြု၍ ဖြစ်ပေါ်ခဲ့သောကြောင့် အာဏာပိုင် အကြမ်းဖက်မှုအဖြစ်  မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။ ထို့နောက်ပိုင်း ၂၀၁၂ ကျောက်နီမော် အရေးအခင်းမှ အစပြု၍ အမျိုးဘာသာဘက်သို့ ဦးတည်ကာ အုပ်စုဖွဲ့ အကြမ်းဖက်မှုတို့ ဖြစ်ပေါ်လာခဲ့သည်။ ရခိုင်မြောက်ပိုင်း မေယုဒေသ တလျှောက်သည် ယခင် ကိုလိုနီကာလကတည်းက မငြိမ်မသက် ဖြစ်ခဲ့သည်။ ဤအခြေအနေနှင့် ဤသဘာဝကို သိသူတို့က လူထုကို သွေးဆာလာအောင် ဝါဒဖြန့်ချိ၍ မိမိလိုသလို ကစားခဲ့ကြသည်။ ထိုစဉ်က မြန်မာနိုင်ငံရေး အခြေအနေကို ကြည့်လျှင် ရခိုင်ရှိ ဘင်္ဂါလီများအား ဝှိုက်ကတ်ဟုခေါ်သော ယာယီမှတ်ပုံတင်ကတ်များ ပြုလုပ်၍ ဘင်္ဂါလီများအား မဲပေးခွင့် ပြုခဲ့သည်။ ဘင်္ဂါလီတချို့ လွှတ်တော်အမတ် ဖြစ်ခဲ့ကြသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘူးသီးတောင်၊ မောင်တော မေယုဒေသတွင် မွတ်စလင်ဦးရေက ရခိုင်လူမျိုးတို့ထက် များသည်။ ဘင်္ဂါလီတို့ကလည်း ဝှိုက်ကတ် ကိုင်ဆောင်ထားရသော ဤအဆင့် အခွင့်အရေးကို သေချာစွာ ဆုပ်ကိုင်မိရန်အတွက် လွှတ်တော်တွင် “ဝှိုက်ကတ်ကိုင်ဆောင်သူများအား မည်သည့်အချိန်တွင် နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးမည်နည်း” ဟု မေးခွန်းထုတ်လာခဲ့သည်။ ဤအမေးသည်ပင် ဘာသာရေး လူမျိုးရေးအတွက် အုပ်စုဖွဲ့ အနိုင်ကျင့် အကြမ်းဖက်မှု ဖြစ်ပေါ်လာအောင် အစပျိုးသလို ဖြစ်စေခဲ့သည့် အကြောင်းများထဲက တခုအဖြစ် သုံးသပ်ကြပါသည်။ ၂၀၁၃ ခုနှစ်တွင် မိတ္ထီလာအရေးအခင်း၊ ၂၀၁၄ တွင် မန္တလေးအရေးအခင်းတို့ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ဝှိုက်ကတ်တို့လည်း တဇာတ်ငြိမ်းသွားခဲ့သည်။ ဤအရေးအခင်းများကို Communal Voilence အဖြစ် သတ်မှတ်ခဲ့ကြသည်။ မကြာသေးခင်က ဖြစ်ပျက်ခဲ့သော တောင်ဒဂုံရှိ မွတ်စလင်တို့ ဥပုသ်ဝင်ရန် တိုင်းအစိုးရက ခွင့်ပြုထားသော ယာယီဝတ်ပြုဆောင်အားဝိုင်း၍ လူအုပ်စုဖြင့် တားမြစ်မှုတခု ဖြစ်ခဲ့သည်။ တဖက်ကတုံ့ပြန်မှုမပြုဘဲ ငြိမ်နေသဖြင့် လူမျိုးရေး ဘာသာရေး ပဋိပက္ခများ ဖြစ်မည့်ဘေးအန္တရာယ်က ကင်းဝေးခဲ့သည်။ အုပ်စုဖွဲ့ အကြမ်းဖက်မှုကို ကျူးလွန်လေ့ရှိသော လူအုပ်စုများဖြစ်သည်ကို ပြည်သူများက သိရှိထား၍ အကာကွယ် ပြုပေးနိုင်ခဲ့သည်ကို တွေ့ရသည်။ အုပ်စုဖွဲ့ အကြမ်းဖက်မှု ကျူးလွန်ရန် ကြံစည်မှု အထမမြောက်ဖြစ်နေချိန် ရန်ကုန်မြို့ ဗန္ဓုလပန်းခြံ၌ ဦးဝီရသူတရားပွဲ ကျင်းပခဲ့သည်။ ထိုပွဲတွင်လည်းကောင်း မြိတ်တရားပွဲတွင်လည်းကောင်း အမုန်းတရားကို ဖြစ်ပေါ်စေသော စကားများအပြင် နိုင်ငံတော်ကို အကြည်ညိုပျက်စေသော စကားများ ပါဝင်သဖြင့်  ဦးဝီရသူမှာ တရားစွဲခံရ၊ ဖမ်းဝရမ်းထုတ်ခံထားရသည်။ အုပ်စုဖွဲ့ အကြမ်းဖက်မှုကို လေ့လာသူ ပညာရှင်များ အလိုအရ ထိုသို့သော အဖွဲ့အစည်းများသည် ဦးစွာပထမ အမုန်းတရား စကားများဖြင့် လူထုကို လှုံ့ဆော်စည်းရုံးပြီးမှ ကျူးလွန်လေ့ရှိကြောင်း သုံးသပ်ခဲ့ကြသည်။ ထိုအဖွဲ့များသည် တခါတရံ အကျိုးတူပူးပေါင်းပြီး ကျန်အဖွဲ့များက အကာအကွယ်ပေးခြင်း၊ အထောက်အပံ့ပြုခြင်း အတူတကွ ပူးပေါင်းပါဝင်ခြင်းအထိ ပြုမူတတ်သည်တို့လည်း ရှိသည်ဟု ဆိုပါသည်။ မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံ၏ မျက်မှောက်ခေတ် အုပ်စုဖွဲ့ အကြမ်းဖက်မှုဖြစ်စဉ်မှာ ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းမှ စတင်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်တို့တွင် အမြင့်ဆုံးသို့ တက်ရောက်သွားခဲ့သည်ဟု ဆိုနိုင်သည်။ ထိုသို့ဖြစ်ရသည်မှာ ပါမေက္ခ Gerry Van Klinken ပြောသကဲ့သို့ “ခေတ်စနစ် အပြောင်းအလဲကို မလိုချင်သူများက နောက်ကွယ်မှ ဖန်တီးလေ့ရှိပြီး အထူးသဖြင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးသို့ ကူးပြောင်းသည့် နိုင်ငံတိုင်းတွင် ဖြစ်လေ့ရှိပါကြောင်း တင်ပြလိုက်ရပါသည်။ ထွန်းဇော်ဌေး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up