A d v e r t i s e m e n t With Us

နိုင်ငံတော်သမ္မတ ရခိုင်အရေး ဘာသာနှစ်ခုက ခေါင်းဆောင်များထံ အကြံတောင်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ဒီနေ့ နေပြည်တော်မှာ နိုင်ငံတော်သံဃာမဟာနယက ဆရာတော်တွေ၊ အစ္စလာမ်ဘာသာ အကြီးကဲတွေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ တည်ငြိမ်ရေးနဲ့ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူမှုစီးပွားဖွံ့ဖြိုးရေးတို့ကို ဆွေးနွေးအကြံဥာဏ် တောင်းခံခဲ့ပါတယ်။ သတင်းစာပါ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းတွေနဲ့ ဆုံးရှုံးနစ်နာခဲ့တာတွေကို ဘာသာရေးခေါင်းဆောင်တွေကို  ရှင်းလင်းပြောဆိုပါတယ်။ ဖြစ်ပွားခဲ့ရတဲ့ အကြောင်းအရင်းဟာ ရာဇာဝတ်မှုတခုအပေါ်ကို မကျေနပ်ပြီး ဥပဒေအရ အရေးယူတာကို လက်ခံရမယ့်အစား အုပ်စုတခုနဲ့ တခု သတ်ဖြတ်မှုတွေ ကျူးလွန်ရာမှ ကြီးမားကျယ်ပြန်တဲ့ အကြမ်းဖက်မှုအသွင်ရောက်ရတာလို့ သမ္မတကပြောပါတယ်။ ဒီအကြမ်းဖက်တာကို ကြီးထွားဖို့အတွက် လူမျိုးစွဲ၊ ဘာသာစွဲ၊ ပြင်းထန်သူတချို့က မြှောက်ပင့် လှုံ့ဆော်ခဲ့တဲ့အပြင် ပြည်ပအဖွဲ့အစည်းတချို့နဲ့ နိုင်ငံတချို့ကလည်း မမှန်မကန် လုပ်ကြံသတင်း ဖြန့်ချိပြီး ပြဿနာကြီးထွားအောင် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီပဋိပက္ခကြောင့် ဒုက္ခခံစားရသူတွေဟာ အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်တာကို တွေ့ရပါတယ်။ ဒုက္ခသည်တွေအပြင် ရခိုင်ပြည်နယ်ထဲမှာ နေထိုင်တဲ့ ပြည်သူ ၃၂ သိန်းဟာလည်း စိတ်ချလုံခြုံမှုမရှိဘဲ အရောင်းဝယ်တွေ ရပ်ဆိုင်းကုန်တယ်လို့ ဆိုပါတယ်။ ပြည်သူတွေဟာ ဆင်းရဲကျပ်တည်းတဲ့ အခြေအနေရောက်နေပြီလို့ သမ္မတက ပြောပါတယ်။ လူမျိုးစု နှစ်ခုကြားမှာ မူလကတည်းက ရှိနေတဲ့ လူမျိုး၊ ကိုးကွယ်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံ ကွဲပြားခြားနားမှုကို အခြေခံပြီး လူမှုရေးတံတိုင်း ခြားနားအောင် ပိုမိုလုပ်ဆောင်ခဲ့တဲ့အတွက် ပဋိပက္ခတွေ ဖြစ်ပွားရခြင်းဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။ လူမျိုးစု နှစ်စုကြား ကွဲပြားခြားနားမှုအပေါ်ကို အပြန်အလှန်နားလည်ရေး၊ သီးခြားတည်ရှိသော ရပိုင်ခွင့်များကို လေးစားမှု ပဋိပက္ခအသွင်မဆောင်ရေးနဲ့ သဟဇာတဖြစ်သော လူမှုအသိုက်အ၀န်း ဖြစ်ထွန်းရေးအတွက် အစိုးရနဲ့အတူ ရဟန်းရှင်လူ ပြည်သူလူထု တရပ်လုံးက လူမျိုးဘာသာ မခွဲဘဲ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မေတ္တာရပ်ခံ သွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up