Home
မြန်မာသတင်း
ကချင်ပြည်နယ်တွင်း တိုက်ခိုက်မှု အကျဉ်းသား ၂ ဦး သေဆုံး
နော်နိုရင်း
·
November 16, 2012
ကချင်ပြည်နယ်မှာ နိုဝင်ဘာ ၁၄ ရက်နေ့မှာ ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေတပ်က အရပ်ဘက်ယာဉ်တန်းတခုကို ၀င်ရောက်တိုက်ခိုက်ခဲ့လို့ ၂ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိသွား တယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ရေးသားထားပါတယ်။ အဲဒီယာဉ်တန်းထဲမှာ ဖားကန့်အချုပ်ခန်းကနေပြီး အပြစ်ကျ တရားခံ ၇၈ ဦးကို   မြစ်ကြီးနားအကျဉ်းထောင်ဆီ လွှဲပြောင်းပို့ဆောင်တဲ့ကား၊  မိုးညှင်းခရိုင်တရားရုံးကနေ စစ်ဆေးဆဲ တရာခံ ၁၀၈ ဦးကို မိုးညှင်းအချုပ်ဆီ ပို့ဆောင်မယ့်ကားနဲ့ ဖားကန့်မြို့ မြန်မာစီးပွားရေး ဘဏ်ခွဲကားတွေ ပါလာတယ်လို့ ဆိုပါတယ်။ ဖားကန်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ငါးမိုင်ကျေးရွာအနီးမှာ တိုက်ခိုက်ခံရတာဖြစ်ပြီး ကေအိုင်အေတပ်နဲ့ ယာဉ်တန်းလုံခြုံရေးတပ်တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့အတွက် အပြစ်ကျ တရားခံ ၇၈ ဦးတင်ဆောင်တဲ့ ကားပေါ်ပါသူတွေ သေဆုံးဒဏ်ရာရခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး အခင်းဖြစ်ပွားတဲ့ဒေသက ကေအိုင်အေ တပ်ရင်း ၆   စစ်ကြောင်းမှုတဦးဖြစ်တဲ့ ဦးလာတွဲက “၀င်တိုက်တယ်ဆိုတာ အကျဉ်းသားမှန်းသိရင် မလုပ်ပါဘူး။ သူတို့စစ်သားတွေ အကျဉ်းသား အယောင်ဆောင်ပြီး လုပ်တာ၊ သူတို့ဆီက အပုတ်ချတာပါ။ ဒါ စစ်သားပဲဖြစ်မှာပါ၊ စစ်သားတွေ အရပ်ဝတ်နဲ့သွားနေတုန်း ဖြစ်ရင်လည်း အရပ်သားဆိုပြီး ပြောတာ။ ကျနော်တို့ကို ဒေါက်ဖြုတ်ချင်လို့ပေါ့။ အရပ်သားတွေကို လုပ်ဖို့ဆိုတာ ဘယ်တုန်းကမှ စိတ်ကူးမရှိဘူး” လို့ ပြောပါတယ်။ ဖားကန့်ဒေသခံ ဦးလာဆိုင်းကတော့ အဲဒီဒေသမှာ အစိုးရတပ်ကနေပြီး ကေအိုင်အေတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာရှိတဲ့အတွက် ကေအိုင်အေက ၀င်ရောက်တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။ “အစိုးရတပ်က ကေအိုင်ကလူတွေကို ဖမ်းတာလည်းရှိတယ်။ ဘာလို့လဲဆိုတော့ အခွန်ကောက်တယ်လို့ ပြောမှာပေါ့။ လူငယ်တွေ ဖားကန့်မြို့မှာ သွားလာတဲ့အချိန် ဖမ်းဆီးတာမျိုးတွေ ရှိတယ်။ ဟိုလူက လက်ညှိုးထိုး ဒီလူဟာ ကေအိုင်အေလူပါဆိုရင်လည်း ဖမ်းခံရတာမျိုးရှိတယ်။ ၉ လပိုင်း ၃၀ ရက်နေ့ကလည်း ဦးမာဂန်ဆိုသူလည်း ဆေးရုံမှာသေပြီ၊ ရဲတွေကရိုက်ပြီးတော့လေ။ သူတို့ မသကာင်္မှုနဲ့ဖမ်းသူတွေလည်း ပါမှာပေါ့။ တချို့လည်း ဒီနယ်မြေမှာ ကေအိုင်အေရဲ့လူတွေပါတယ်လို့ သတင်းရလို့ အဲလိုဖြစ်တာလည်း ဖြစ်နိုင်တယ်လေ။” အစိုးရသစ်ဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တော်တော်များများနဲ့ ဆွေးနွေးပြီး အပစ်ရပ်ထားကြပေမယ့် ကေအိုင်အေနဲ့တော့ တိုက်ပွဲတွေဖြစ်နေတာပါ။ ဒါပေမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်လုပ်ဆောင်ကြဖို့တော့ နှစ်ဘက် သဘောတူထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024