ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ဒုရဲအုပ် ၁ဦး ကားတိုက်ခံရပြီး သေဆုံး

2.2K
ရန်ကုန်-နေပြည်တော်အမြန်လမ်း ရဲကင်းက ဒုရဲအုပ်တယောက် မနေ့ညက ထမင်းစားပြီး အပြန် လမ်းဖြတ်ကူးစဉ် ကားတိုက်ခံရလို့ သေဆုံးခဲ့ပြီး သူ့ကို အမြန်လမ်းမကြီး ဥပဒေနဲ့ အမှုဖွင့်လိုက်ပါတယ်။
မနေ့ည ၁၀ နာရီခွဲမှာ ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင် ၁၅၈ စမိုးရဲကင်းက ဒုရဲအုပ်ထွန်းဝင်းဟာ လမ်းတဘက်မှာရှိတဲ့ စုပေါင်း သန့်စင်ခန်းနား ဈေးဆိုင်က ထမင်းစားပြီး ပြန်အလာမှာ လမ်းဖြတ်ကူးစဉ် ကားတိုက်ခံခဲ့ရတာလို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ပါတယ်။
နေပြည်တော်ကနေ ရန်ကုန်ကို မောင်းလာတဲ့ ဟွန်ဒါဖစ်ကားက တိုက်မိခဲ့တာဖြစ်ပြီး ဒုရဲအုပ်ဟာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ တာဝန်အပ အမြန်လမ်းမပေါ် ဖြတ်သန်းသွားလာတာကြောင့် ဆိုပြီး အမြန်လမ်းမကြီး ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ စမိုးရဲကင်းစခန်းမှူး ရဲအုပ်မင်းနိုင်က ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားတဲ့အတိုင်းပဲဖြစ်ပြီး ဖြစ်စဉ်အပေါ် မှတ်ချက်မပေးခဲ့ပါဘူး။
ဓာတ်ပုံ- အမြန်လမ်းရဲတပ်ဖွဲ့မှူး