ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်တွင် တရားမ၀င်မြန်မာ ၂၁ ဦး ဖမ်းဆီးခံရ
DVB
·
June 10, 2019
ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့နယ်ထဲမှာ ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၁ ဦးနဲ့ လူကုန်ကူးတဲ့ ထိုင်းနိုင်ငံသား တဦးကို ဖမ်းဆီးခံရ တယ်လို့ MCOT ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
နယ်မြေတွင်း ရာဇ၀တ်မှု၊ ဥပဒေမဲ့မှုနဲ့ လူမှောင်ခိုကုန်ကူးမှုတွေ ပပျောက်ရေးအတွက် ဆုန်ခလာခရိုင်ရဲတပ်ဖွဲ့၊ နယ်မြေလုံခြုံရေးအဖွဲ့နဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်များ လူကုန်ကူးခံရမှု တားဆီးနှိမ်နင်းရေးအဖွဲ့က တာဝန်ရှိသူတွေဟာ ဇွန်လ ၁၀ ရက်မနက်က ဟတ်ယိုင် မြို့နယ် ဖဒုံးရပ်ကွက်ထဲက resort (တည်းခိုခန်း) တခုကို ၀င်ရောက်စစ်ဆေးခဲ့ပြီး အဲဒီမှာ အထောက်အထားမရှိဘဲ ၀င်ရောက်တည်းခိုနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၇ ဦးကို ဦးစွာ ဖမ်းဆီးရမိခဲ့တယ်လို့ တာဝန်ရှိသူတွေက သတင်းထောက်ကို ပြောပါတယ်။
အဲဒီနောက် အနီးနားဝန်းကျင်တ၀ိုက်ကို ဆက်လက်စစ်ဆေးရာမှာ လူကုန်ကူးမှုနဲ့ ဆက်စပ် နေတဲ့ ထိုင်းလူမျိုး ပွဲစား ၁ ဦးကို ဖမ်းမိခဲ့ကြောင်း၊ သူ့ကိုစစ်ဆေးမေးမြန်းချက်အရ အနီးနားရှိ တောထဲမှာ ပုန်းအောင်းနေတဲ့ နောက်ထပ် တရားမ၀င် မြန်မာ ၁၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့အားလုံးကို နိုင်ငံထဲတရားမ၀င် ၀င်ရောက်မှုနဲ့ ဆက်လက်အရေးယူဖို့ ထုန့်လုန် နယ်မြေရဲတပ်ဖွဲ့ထံ ဆက်လက်ပေးပို့ပြီး လူကူန်ကူးမှုနဲ့ ဆက်စပ်မှုရှိမရှိကိုလည်း စစ်ဆေးနေ တယ်လို့ တာဝန်ကျရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီကိစ္စနဲ ပတ်သက်ပြီး သနေးရှင်း သတင်းမှာလည်း တောထဲမှာ ပုန်းခိုနေတဲ့ မြန်မာတွေဟာ မလေးရှားနိုင်ငံကို ဆက်သွားဖို့အတွက် ဖြစ်ကြောင်း၊ သူတို့ကို ပွဲစားက လာထားသွားပြီး ၃ ရက် အစာ မစားရလို့ အားအင်ချိနဲ့ နွမ်းနယ်နေကြတယ်လို့ ဖော်ပြထားပါတယ်။