Home
မြန်မာသတင်း
စစ်ဘေးရှောင်များခိုလှုံနေသည့် ပေါက်တောပြင်ဘုန်းကြီးကျောင်းကို စစ်ဆေးရန် စစ်တပ်က ဝိုင်းထား
DVB
·
June 10, 2019
စစ်ဘေးဒုက္ခသည် ၃၀၀၀ ကျော်ခိုလှုံနေကြတဲ့ ရခိုင်ပြည်နယ် ပုဏားကျွန်း မြို့နယ်က ပေါက်တောပြင် ဘုန်းကြီးကျောင်းကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့အင်အား ၄၀ ကျော်ခန့်က ဒီကနေ့ မနက်ပိုင်းက ဝိုင်းထားတယ်လို့  ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဆရာတော်က မိန့်ပါတယ်။ တပ်မ ၂၂ က အင်အား ၄၀ လောက်နဲ့ ပိုးရွှီပြင်ရဲကင်းစခန်းက ရဲအင်အား ၆ ဦးလောက် ပါဝင်တဲ့အဖွဲ့ဟာ အထက်အမိန့်အရ စစ်ဆေးမေး မြန်းစရာတွေ ရှိတယ်လို့ဆိုကာ ဘုန်းတော်ကြီးကျောင်းထဲကို ဝင်ရောက်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီနေရာဟာ ဘာသာရေး အဆောက်အဦလည်းဖြစ်သလို စစ်ဘေး ဒုက္ခသည် တွေ တည်းခိုနေကြတဲ့နေရာလည်း ဖြစ်တာကြောင့် လက်နက်ခဲယမ်းတွေနဲ့ ဝင်ခွင့်မပြုဘူးလို့ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ဆရာတော် အရှင်သသာဝနဒီကမိန့်ပါတယ်။ “ပိုးရွီပြင်ရဲကင်း စခန်းက ရဲတပ်ဖွဲ့ဝင်တွေပါတယ်။ ဝိုင်းထားတဲ့ တပ်က တပ်မ ၂၂။ သူတို့က ဒီမှာ ဘယ်ရွာကပြေးလာတာလဲ။ ကျောင်းထဲဝင်ပြီး ဓာတ်ပုံရိုက်မယ်။ စစ်ဆေးမယ်လို့ ပြောတယ်။ ဦးဇင်းတို့က စစ်ဆေးမယ်ဆိုရင် ဒါဘာသာရေး အဆောက်အုံဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာရဲ့ ထုံးတမ်းစဉ်လာအရ ကျောင်းထဲကိုဝင်လို့ မရပါဘူး။ ဥပဒေအရ ဘာသာရေးအဆောက်အဦ၊ ပညာရေးအဆောက်အဦ၊ ကလေးသူငယ်ရှိတဲ့နေရာကို လက်နက်ခဲယမ်းနဲ့ ဝင်လို့မရဘူး။ ဒါလည်းတပိုင်း။ နောက်တချက်က ကြောက်လန့်ပြီးတော့ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ခိုလှုံနေတာဖြစ်တယ်။ နဂိုတည်းက ကြောက်ပြီးတော့ ပြေးလာတဲ့ ဒုက္ခသည်တွေဟာ အခုသာ ကျောင်းထဲကို ထပ်ဝင်မယ်ဆိုရင် ပိုပြီးတော့ အကြောက်တလန့် ဖြစ်မှာ စိုးတဲ့အတွက်ကြောင့် ဦးဇင်တို့ကတော့ ဝင်ခွင့်မပေးထားပါဘူး”လို့ ဆရာတော်က မိန့်ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်မှာ ရက္ခိုင့်တပ်မတော်(အေအေ)နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ ကြောင့် အနီးအနားက ကျေးရွာ ၉ ရွာလောက်က ဒေသခံ ၃၀၀၀ ကျော် လောက် လာရောက် ခိုလှုံနေကြတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦး မေးမြန်းရာ ဖြေဆိုဖို့ မအားသေးဘူး လို့ပြောပါတယ်။ ထပ်မံပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ရာမှာ “လောလောဆယ်မှာတော့ ကျနော်အဲ့ဒီသတင်းကို ဘာမှမသိရသေးပါဘူး”လို့ ပြောပါတယ်။ သတင်း-ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024