Home
မြန်မာသတင်း
ပုလောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို ဒေသခံများ ဆန္ဒပြ
DVB
·
June 10, 2019
62552670_1627369524073827_6446162031966945280_n
62487861_1627369827407130_7288145784292245504_n
62231775_1627369640740482_9042350929243799552_o
62228435_1627369777407135_3403867319879860224_o
62154260_1627369574073822_4927462768627417088_n
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက လွှတ်တော်ဘတ်ဂျက်ရထားတဲ့ ငွေတွေကို ဥပဒေမဲ့လုပ်တယ်လို့ဆိုကာ ဒေသခံပြည်သူတွေက ဇွန် ၉ ရက်က ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ပုလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းခင်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကင်းရှိန်တို့ဟာ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ရရှိတဲ့ လွှတ်တော်ဘတ်ဂျက်က ငွေတွေကို ပြည်သူတွေကို အသိမပေးဘဲ လုပ်ဆောင်တာ၊ ခွဲတမ်းရရှိတဲ့ ငွေအတိုင်းမလုပ်ဘဲ ငွေအနည်းငယ်ကိုသာ လုပ်ဆောင်ပေးခဲ့တယ်လို့ ဆန္ဒထုတ်ဖော်ရာမှာ ဦးဆောင်ပါဝင်ခဲ့ သူတွေကပြောပါတယ်။ အရင်မြိတ်ခရိုင် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ယခုပါတီဝင်ဖြစ်သူ ဦးသန်းနွယ်က "ဒီကနေ့ ကျနော်တို့က လွှတ်တော်ကိုယ်စားလှယ်တွေကို သတိပေးလိုက်တာပါ။ အန်အယ်လ်ဒီအစိုးရအဖွဲ့ တက်လာပြီးနောက်ပိုင်းမှာ ကိုယ်စားလှယ်တွေကို အဖွဲ့ချုပ်ကမှာကြားထားတာ ရှိပါတယ်။ ပြည်သူနဲ့ အတူဆိုတဲ့စကားပါ ဒါပေမယ့် ဒီကနေ့ပုလောက လွှတ်တော်ကိုယ်စားလှယ် တွေကတော့ ပြည်သူတွေနဲ့ကင်းကွာနေသလို ပြည်သူတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါဘူး။ ကိုယ်ကျိုးအတွက် လုပ်ဆောင်နေတယ်။ ဒါဟာ အဖွဲ့ချုပ်ရဲ့ မူဝါဒလည်း မဟုတ်ပါဘူး။ သူတို့ဟာ အဖွဲ့ချုပ်ရဲ့မူဝါဒနှင့်ဆန့််ကျင်နေတယ်။ ဒါကိုပြည်သူတွေ သိရှိဖို့ အဖွဲ့ချုပ်ရဲ့ ဂုဏ်သိက္ခာပြန်ဆယ်ယူ ချင်လို့ ကျနော်ဆန္ဒထုတ်ဖော်ပွဲမှာ ဟောပြောခဲ့တာပါ"လို့ ပြောပါတယ်။ ပြည်သူတွေက မကျေနပ်ကြတဲ့အတွက် ရပ်/ ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ပါတီဝင်တွေ ကိုယ်တိုင်ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ လူအင်အား ၃၀၀ လောက်နဲ့ မြို့တွင်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ပုလောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကင်းရှိန်က တော့“လွှတ်တော်ဘတ်ဂျက်က စက်တင်ဘာလအထိ လုပ်ရတာပါ။ လုပ်ငန်းအလိုက် ရွာတွေကို ချပေးထားတယ်။ အချို့ရွာတွေဆိုရင် ၃ သိန်းလောက်ပဲ ချပေးတာရှိတယ်။ အများဆုံးကတော့ သိန်း ၅၀ ရှိပါတယ်။ ဘတ်ဂျက်လပြီးသွားရင် စာရင်းစစ်ရုံးက ဆင်းစစ်ဆေးမှာပါ”လို့ ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဘတ်ဂျက် ကျပ်-သိန်း ၁,၀၀၀ ရထားတာကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူတွေကို အသိမပေးဘဲ ငွေနည်းနည်းကိုသာ အသုံးပြုပြီး ကျန်တဲ့အပိုင်းတွေကို ကိုယ်ကျိုးအတွက် အသုံးပြုနေတဲ့အတွက် ဆန္ဒပြတာလို့ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသီဟကပြောပါတယ်။ သတင်း- မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024