Home
အနုပညာ
နိုဗန်ထူး၊ ဟေဇယ်လ်၊ Paul Austinနဲ့  Melody Khong တို့အောင်ပွဲခံခဲ့သည့် The Voice Myanmar ဆီမီးဖိုင်နယ်ည
DVB
·
June 10, 2019
မနေ့ညက ကျင်းပခဲ့တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ Semi Final အ ဆင့်မှာတော့ ပြိုင်ပွဲဝင် ၈ ယောက်က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး သူတို့ထဲက ၄ ယောက်ကတော့ ဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲမှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။ ပရိသတ် စိတ်ဝင်စားမှု မြင့်တက်နေတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကို Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့် စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။ Semi Final အဆင့်မှာ Coach ၄ ယောက်ရဲ့ အဖွဲ့တဖွဲ့စီက ပြိုင်ပွဲဝင် ၂ ဦးစီနဲ့ ၈ ယောက် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး Coach ရန်ရန်ချန်းရဲ့ အဖွဲ့ထဲက Melody Khong နဲ့ Solomon King၊ Coach R. ဇာနည်ရဲ့ အဖွဲ့ထဲက လင်းခက်နဲ့ Paul Austin၊ Coach နီနီခင်ဇော်ရဲ့ အဖွဲ့ထဲက Hazel နဲ့ Nicholas Pasangma၊ Coach ကျားပေါက်ရဲ့ အဖွဲ့ထဲက နိုဗန်ထူးနဲ့ ညိုမီမီထွန်းတို့က သီချင်းတပုဒ်စီနဲ့ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ Solomon King ကတော့ ဒိုးလုံးရဲ့ ဆုတောင်း၊ Melody Khong ကတော့ ဖြိုးပြည့် စုံရဲ့ ခိုလှုံရာ၊ Paul Austin ကတော့ Rachel Platten ရဲ့ Fight Song၊ လင်းခက်ကတော့ ထူးအိမ်သင်ရဲ့ အလင်းဆိုင်ရဲ့သီချင်း၊ Hazel ကတော့ နီနီခင်ဇော်ရဲ့ ခရေလမ်းဒိုင်ယာရီ၊ Nicholas Pasangma ကတော့ နွဲ့ယဉ်ဝင်း၊ ရတနာဦးတို့ သီဆိုခဲ့တဲ့ ရွှေပင်လယ်၊ နိုဗန် ထူးကတော့ ဇော်ဝင်းထွဋ်ရဲ့ ခင်ဗျားရဲ့ အကြောင်း၊ ညိုမီမီထွန်းကတော့ နေနေရဲ့ မညီ မျှခြင်းစတဲ့ သီချင်းတွေကို သီဆိုခဲ့ကြတာ ဖြစ်ပါတယ်။ အားလုံးသီဆိုနေကြချိန်မှာတော့ ပရိသတ်တွေက မဲပေးရွေးချယ်ဖို့ အချိန်တခုပေး ထားခဲ့ပြီးနောက်မှာတော့ ရလဒ်တွေကို ကြေငြာချိန်ကို ရောက်ရှိလာခဲ့တာပါ။ ဒီအဆင့်မှာတော့ ပရိသတ်က မဲပေးရွေးချယ်တဲ့ Voting ၆၀ ရာခိုင်နှုန်းနဲ့ Coach တဦးချင်းစီရဲ့ Voting ၄၀ ရာခိုင်နှုန်းနဲ့အတူ တဖွဲ့က ပြိုင်ပွဲဝင် တဦးကိုသာ ရွေးချယ်ပြီး Grand Final အဆင့်ကို ခေါ်ဆောင်သွားရမှာ ဖြစ်တာမို့ အားလုံးက ရင်ခုန်စိတ်လှုပ်ရှား ခဲ့ကြတာပါ။ နောက်ဆုံးမဲပေးရွေးချယ်မှုတွေ ပိတ်ချိန်ရောက်လာပြီး သူတို့အားလုံးရဲ့ ရလဒ် တွေကို ကြေငြာပေးချိန်မှာတော့ ရန်ရန်ချန်းရဲ့ အဖွဲ့မှ Melody Khong၊ R. ဇာနည်ရဲ့ အဖွဲ့မှ Paul Austin၊ နီနီခင်ဇော်ရဲ့ အဖွဲ့မှ Hazel နဲ့ ကျားပေါက်ရဲ့ အဖွဲ့မှ နိုဗန်ထူးတို့ ရွေးချယ်ခံခဲ့ရပြီး Grand Final အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကျန်တဲ့ ပြိုင်ပွဲဝင် ၄ ယောက်ဖြစ်ကြတဲ့ Solomon King၊ လင်းခက်၊ Nicholas Pasangma နဲ့ ညိုမီမီထွန်းတို့ကတော့ ပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024