Home
မေးမြန်းခန်း
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ယာယီတာဝန်ခံ အိချီရိုမာရူရာမာနှင့် မေးမြန်းချက်
DVB
·
November 16, 2012
Japan Embassy Temporary Person Ei Chi Yomar Yu Yarmar
မြန်မာနိုင်ငံအပေါ် ဂျပန်နိုင်ငံရဲ့ သံတမန် ဆက်ဆံရေး၊ ရင်နှီးမြှုပ်နှံမှုအခြေအနေ၊ အိုဒီအေ အကူအညီတွေနဲ့ပတ်သက်ပြီး မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောက်ရွက်မယ့် အကြောင်းအရာ တွေကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ယာယီတာဝန်ခံ မစ္စတာ အိချီရိုမာရူရာမာကို ဒီဗွီဘီ သတင်းထောက် ညီငယ်က တွေ့ဆုံမေးမြန်းထားပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကထွက်နေပြီ။ ဂျပန်ကလည်း မြန်မာပြည်မှာ အတိုင်းအတာတခုထိ ရင်းနှီးမြှုပ်နှံမှုတွေ ရှိတယ်။ အခု ရင်းနှီးမြှုပ်နှံမှု ဥပဒေပေါ်လာတဲ့အခါမှာ ဂျပန်သံရုံးကနေ တဆင့် ဂျပန်လုပ်ငန်းရှင်တွေ ဆက်သွယ်မှုတွေပိုများလာလား၊ နည်းလာလား။ ဘယ်လို သက်ရောက်မှုရှိပါလဲ။ “ရင်းနှီးမြှုပ်နှံမှုဥပဒေဆိုတာက ဂျပန်ကုမ္ပဏီများသာမက နိုင်ငံခြားကုမ္ပဏီများပါ ဒီမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အရေးကြီးဆုံး ဥပဒေဖြစ်ပါတယ်။ ဒါကို မြန်မာအစိုးရက လွှတ်တော်က အတည်ပြုလိုက်တာကို ချီးကျူးပါတယ်။ တကယ်လို့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်မယ်ဆိုရင် ဥပဒေတခုတည်းနဲ့ လုပ်လို့မရပါဘူး။ အခြေခံအဆောက်အဦတွေဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ မီးတို့ စတာတွေ လိုအပ်ပါတယ်။ အဲအခြေအနေတွေပြီးလို့ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် စီးပွားရေးလုပ်ငန်းကို ဘယ်လိုပုံစံနဲ့လုပ်နိုင်မယ်ဆိုတာတွေ စုံစမ်းရတယ်။ ဂျပန်ကုမ္ပဏီများ အဲဒါတွေကို လေ့လာနေဆဲ အချိန်ဖြစ်ပါတယ်။ “မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေကို ပြီးခဲ့တဲ့နှစ်ကစပြီး ဂျပန်ကုမ္ပဏီများက အရမ်းစိတ်ဝင်စားတယ်။ ဘာလို့လဲဆိုတော့ ဂျပန်နဲ့မြန်မာနိုင်ငံက အိမ်နီးချင်းနိုင်ငံ ဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံအပြောင်းအလဲကို ပိုပြီး စိတ်ဝင်စားတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဋ္ဌာန်းလိုက်လို့ ပိုများလာတာ မဟုတ်ဘူး။ ဟိုးတနှစ်ကတည်းက များတယ်၊ စိတ်ဝင်စားတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ချင်တယ်။ ဒါကြောင့် လုပ်မယ်ဆိုရင် စီးပွားရေးအခြေအနေ၊ အခြေခံအဆောက်အဦ၊ လျှပ်စစ်ဓာတ်အားတို့ နည်းလမ်းတွေ ဒါတွေအစုံ စုံစမ်းပြီးမှ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။” သူတို့ဘက်က ဘယ်လို ရင်းနှီးမြှုပ်နှံမှုမှာ ပိုစိတ်ဝင်စားလဲ။ ဥပမာ ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းမှာလား။ အထည်ချုပ်မှာလား။ “မြန်မာလူမျိုးတွေကြည့်လိုက်ရင် ပညာရှိတယ်၊ စည်းကမ်းရှိတယ်၊ ဂျပန်လူမျိုးတွေအပေါ်မှာလည်း သံယောဇဉ်ရှိတယ်။ ဂျပန်ကုမ္ပဏီတွေအနေနဲ့ နည်းပညာပိုင်းမှာ transfer လုပ်ပေးတဲ့ လုပ်ငန်းမျိုး ဦးစားပေးချင်ပါတယ်။ ဂျပန်ကုမ္ပဏီတွေရဲ့ အကျိုးအမြတ်အတွက် မဟုတ်ဘဲ နှစ်ဖက်စလုံးအကျိုးရှိအောင် win win ခေါ်တယ်၊ ဆိုလိုတာက ဒီမှာပဲ စီးပွားရေးလုပ်ငန်းလုပ်မယ်၊ ဘယ်ကဏ္ဍမှာမဆိုလုပ်မယ်။ မြန်မာနိုင်ငံ လူမျိုးများ အလုပ်အကိုင်အခွင့်အလမ်းများ ရနိုင်မယ်။ ဒုတိယအဆင့်က ဂျပန်ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်လိုက်လို့ နည်းပညာရလိုက်မယ်၊ အဲဒီအခါ ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး စီးပွားရေးလုပ်နိုင်ပါမယ်။ အဲလို စီးပွားရေးလုပ်ငန်းကို ဦးစားပေးချင်ပါတယ်။ ဂျပန်ကုမ္ပဏီနဲ့ မြန်မာ ပူးပေါင်းပြီးလုပ်ဖို့ကိုလည်း ဦးစားပေးဖို့ သဘောရှိပါတယ်။ နောက် ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ လိုအပ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေးလမ်းကြောင်းတွေက လိုအပ်တဲ့အတွက် အဲဒီအတွက်လည်း အိုဒီအေလို့ခေါ်တဲ့ အစိုးရရဲ့ ဂျပန်စီးပွားရေးအကူအညီများနဲ့ ဂျပန်ပုဂ္ဂလိက ဘဏ်များပေါင်းပြီးတော့ ဆက်တိုးချင်တဲ့ သဘောရှိတယ်။” အဲတော့ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေက အခြေခံအဆောက်အဦတွေကို ကြည့်ပြီးမှ လာမယ့်သဘောပေါ့။ ဘယ်အခြေခံအဆောက်အဦတွေကို ပိုကြည့်မလဲ။ “အဓိက လျှပ်စစ်ဓာတ်အားနဲ့ ရေ အရေးကြီးပါတယ်။ ဥပမာ စက်ရုံဆောက်မယ်ဆိုရင် မီးမရှိဘဲ ထုတ်လုပ်လို့မရဘူး။ တခြားဟာတွေလည်း ရှိပါတယ်။ လမ်းပန်းဆက်သွယ်ရေး၊ ဆေးခန်း၊ ဆက်သွယ်ရေးလမ်းကြောင်းတို့ ဒါတွေကို လွယ်လွယ်ကူကူ အမြန်အသုံးပြုနိုင်မလား ဒါတွေအရေးကြီးပါတယ်။ ဒါက ဂျပန်ကုမ္ပဏီတင်မကဘူး၊ တခြား နိုင်ငံတကာကုမ္ပဏီတွေအတွက်လည်း အရေးကြီးတာက အဲ အချက် ၂ ချက်ပါ။” ဂျပန်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ တခြားနိုင်ငံတွေထက် ပိုမြှင့်တင်ဖို့ ရှိလား။ “အခုက တကမ္ဘာလုံးက မြန်မာနိုင်ငံကို အရမ်းစိတ်ဝင်စားနေတယ်၊ မြန်မာနိုင်ငံကိုလာချင်နေတယ်။ ဒီနေ့ သတင်းစာမှာ ဆွီဒင်နိုင်ငံဝန်ကြီးချုပ်ရောက်နေတဲ့ သတင်းပါတယ်။ နောက် ၂ ရက် ၃ ရက်လောက်နေရင် အမေရိကန်သမ္မတ အိုဘားမားလည်းလာတော့မယ်။ အဲလို နိုင်ငံတကာ အစိုးရခေါင်းဆောင်တွေ လာကြပြီး စိတ်ဝင်စားနေတဲ့ တိုင်းပြည်က တကမ္ဘာလုံးမှာ မရှိသလောက်ပဲ။ ဆိုလိုတာက သူတို့က မြန်မာနိုင်ငံကို အရမ်းအရေးကြီးတဲ့ နိုင်ငံလို ကြည့်နေတယ်။ စီးပွားရေးအရလည်း အရေးကြီးတဲ့ နိုင်ငံလိုဖြစ်နေတယ်။ ဂျပန်က ဒီမှာလုပ်ချင်တာက ကျနော်တို့ဟာ အခုမှ မြန်မာနိုင်ငံနဲ့ ဆက်ဆံလာတဲ့ နိုင်ငံမဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက ဆက်ဆံရေးရှိခဲ့တဲ့ တိုင်းပြည်ဖြစ်တယ်။ အဲလို အခြေခံဆက်ဆံမှုအပေါ် မူတည်ပြီးတော့ တကယ့် စီးပွားရေးလုပ်ချင်တယ်။ ဂျပန်ကုမ္ပဏီများ များများလာနိုင်အောင် ဂျပန်အစိုးရကလည်း အခြေခံအဆောက်အဦ ပိုကောင်းလာအောင် တာဝန်ယူ လုပ်မယ်။ မြန်မာအစိုးရနဲ့လည်း ပူးပေါင်းလုပ်မယ်။ ဒါဆိုရင် ဂျပန်ကုမ္ပဏီများ များများလာမယ်လို့ ယူဆတယ်။” “အိုဒီအေက နှစ်မျိုးရှိပါတယ်။ တခုက ထောက်ပံ့ပေးတာပါ။ မြန်မာအစိုးရရဲ့ လိုအပ်တဲ့ စီမံကိန်းတွေအတွက် ထောက်ပံ့ငွေတွေ ပေးသွားမယ်။ နောက်တခုက ချေးငွေ။ ဂျပန်အစိုးရရဲ့ ချေးငွေ အတိုးနှုန်းက ၃၀၀ ဒဿမ ၃၀၁ ရာခိုင်နှုန်း၊ အတိုးနှုန်း မရှိသလောက်ပဲ။ မြန်မာအစိုးရက ပြန်ဆပ်မယ်ဆိုရင် ဆက်ပြီး၊ မဆပ်လို့လည်းနေလို့ရသေးတယ် အဲဒီအတိုင်းနေမယ်၊ နောက်မှ ဆက်ပြီး နှစ်ပေါင်း ၄၀ အတွင်း ပြန်ဆပ်ရမယ်၊ အဲဒါက ကျနော်တို့ ဂျပန်အစိုးရက ချေးခဲ့တဲ့ပုံစံပါ။ အဲဒါကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံတို့၊ လမ်းပန်းဆက်သွယ်ရေးတို့၊ ရထားတို့ infrastructureနဲ့ ပတ်သက်တာတွေ၊ အဲဒါတွေတင်မကဘူး နယ်စပ်ဒေသဖွံ့ဖြိုးရေးတို့အတွက် အသုံးပြုဖို့ပါ။ အဲဒါတွေအတွက် မြန်မာအစိုးရနဲ့ ကျနော်တို့ ဆွေးနွေးနေတာပါ။ အကြွေးရှိရင် ချေးငွေအကူအညီတွေကို ပေးလို့ မရပါဘူး။ အကြွေးကို ပေးချေပြီးနောက်မှ ကျနော်တို့က ချေးငွေအကူအညီတွေ ပေးနိုင်တာပါ။ ပထမပိုင်းမှာ အဲဒီအကြွေးကိစ္စကို အရင် ဖြေရှင်းရမယ်။ အခု မြန်မာအစိုးရနဲ့ ဂျပန်အစိုးရ ဘယ်တော့ ပေးချေမယ်ဆိုတာ သဘောတူညီခဲ့ပါပြီ။ ကျနော်တို့ ဂျပန်  ပုဂ္ဂလိက ဘဏ်တိုက်ကနေ မြန်မာအစိုးရကို အဲဒီပိုက်ဆံကို ချေးမယ်။ အဲဒီချေးတဲ့ပိုက်ဆံကို မြန်မာအစိုးရက ကျနော်တို့ကို ပြန်ဆပ်မယ်။ ပြန်ဆပ်ရင် ကျနော်တို့က ချေးငွေအကူအညီတွေ မြန်မာ အစိုးရကို ပေးမယ်။ မြန်မာအစိုးရက အဲဒီချေးငွေကို ပုဂ္ဂလိက ဘဏ်တိုက်ကို ပြန်ဆပ်မယ်။ အဲဒီတော့ ဟိုးအရင်က ကြွေးမြီဆိုတော့ မရှိတော့ဘူး။ အဲဒါဆိုရင် ကျနော်တို့က ချေးငွေ အကူအညီတွေကို မြန်မာအစိုးရကို အသစ်စီမံကိန်း၊ အသစ်လုပ်ငန်းအရ ကျနော်တို့ ပေးနိုင်တယ်။” အဲဒါ ဘယ်တော့လောက် အကောင်အထည်ဖော်မလဲ။ “ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံအပါအ၀င် သက်ဆိုင်ရာ နိုင်ငံတွေက ဘဏ္ဍာရေးဝန်ကြီးတွေ တက်ရောက်ခဲ့တယ်။ အဲဒီအစည်းအဝေးမှာ မူအားဖြင့် သဘောတူလိုက်တယ်။ အဲတော့ ကျနော်တို့က မြန်မာအစိုးရနဲ့ ဘယ်တော့အကောင်အထည်ဖော်နိုင်မလဲဆိုတာ ဆွေးနွေးနေပါတယ်။ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေမှာ ထောက်ပံ့ဖို့ အစီအစဉ်ရှိလား။ “ရှိပါတယ်။ ပညာရေးကို ထောက်ပံ့ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ အနာဂတ်ကာလ တာဝန်ယူရမှာက အခုလူငယ်တွေဖြစ်ပါတယ်။ အထူးသဖြင့် တက္ကသိုလ် ကျောင်းသားကျောင်းသူတွေဆို အရမ်းအရေးကြီးတယ်။ အဲဒါကို သမ္မတ ဦးသိန်းစိန် ပြီးခဲ့တဲ့ ဧပြီ ဂျပန်ပြည်လာတုန်းက ရန်ကုန်စက်မှုတက္ကသိုလ်နဲ့ မန္တလေးစက်မှုတက္ကသိုလ်တို့ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး အကူအညီပေးဖို့ သူက ပြောတယ်။ ကျနော်တို့က ပထမဆုံး ရန်ကုန်စက်မှုတက္ကသိုလ်ကို ဂျပန်တက္ကသိုလ်တွေနဲ့ ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ စီစဉ်နေပါတယ်။” ဘယ်လိုပြုပြင်ပြောင်းလဲမှုမျိုးတွေ လုပ်မှာလဲ။ “ဥပမာ မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးတာက စက်မှုတက္ကသိုလ်က ဘွဲ့ရတဲ့ ကျောင်းသားကျောင်းသူတွေကို Master Course တို့ Ph.D Course တို့မှာ ဂျပန်စက်မှုတက္ကသိုလ်က ပါမောက္ခတွေက ဒီမှာလာပြီး သင်တန်းပေးမယ်။ သင်တန်းမှာလိုအပ်တဲ့ စက်ကိရိယာပစ္စည်းတွေကို ရန်ကုန်စက်မှုတက္ကသိုလ်ကို ပေးလိုက်မယ်။ အဲဒီအစီအစဉ်တွေကို စဉ်းစားနေပါတယ်။” အဲဒီအစီအစဉ်တွေက ဘယ်တော့လောက်စမှာလဲ။ “ဒီလနဲ့ နောက်လတွေမှာ ဂျပန်နိုင်ငံက လေ့လာရေးအဖွဲ့တွေ လာမယ်။ သူတို့လာပြီး နောက်နှစ်လောက်က စပြီး ကျနော်တို့ စလုပ်နိုင်မှာ ဖြစ်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024