ရုရှားနှင့်အမေရိကန် စစ်သင်္ဘော နှစ်စီး တိုက်မိမလိုဖြစ်၊ အပြန်အလှန်အပြစ်တင်

ရုရှားနဲ့ အမေရိကန် စစ်သင်္ဘော ၂ စီးဟာ အရှေ့တရုတ်ပင်လယ်ထဲမှာ ဇွန် ၇ ရက်က တိုက်မိလုနီးပါး ဖြစ်ခဲ့အပြီး တဖက်ကိုတဖက် အပြန်အလှန် အပြစ်တင်ခဲ့ကြပါတယ်။ အန္တရာယ်ရှိပြီး ပညာရှင် မဆန်တဲ့ အပြုအမူအတွက် အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။ အမေရိကန်ရဲ့ ပဲ့ထိန်းဒုံးကျည်သုံး စစ်သင်္ဘော USS ချန်စလာဗေးလ်ဟာ ရုရှား ဖျက်သင်္ဘော အဒ်မစ်ရယ် ဗီနိုဂရာဒ့ါဗ်နဲ့ မီတာ၅၀ အကွာထိ ရောက်လာခဲ့တယ်။ ဒါကြောင့် မတိုက်မိအောင် အရေးပေါ် ဆောင်ရွက်ခဲ့ရတယ်လို့ ရုရှားစစ်တပ် ပစိဖိတ် တပ်မဟာရဲ့ ကြေညာချက်ကို ကိုးကားပြီး ရုရှားသတင်း ဌာနတွေက အစီရင်ခံပါတယ်။ ရုရှားစစ်သင်္ဘော အုပ်စုနဲ့ အမေရိကန် စစ်သင်္ဘောတွေ အရှေ့တရုတ်ပင်လယ်ရဲ့ အရှေ့ပိုင်းမှာတွေ့ချိန် အမေရိကန် စစ်သင်္ဘောက ရုတ်တရက် လမ်းကြောင်းပြောင်းပြီး ရုရှား ဖျက်သင်္ဘောရဲ့ လမ်းကြောင်းကို ကန့်လန့်ဖြတ်ပြီး သင်္ဘောနဲ့ မီတာ ၅ဝ အကွာထိ ဝင်ခဲ့တယ်လို့ ကြေညာချက်က ပြောပါတယ်။ ခုလို လုပ်ရပ်ရဲ့ လက်မခံနိုင်တဲ့ သဘောထားကို နိုင်ငံတကာ ရေဒီယိုလှိုင်းကနေ အမေရိကန် သင်္ဘောဆီပေးပို့ သတိပေးခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။ အမေရိကန် ရေတပ်ကတော့ ဒီဖြစ်ရပ်ကိုပယ်ချပြီး ရုရှားသင်္ဘောရဲ့ အပြုအမူက ဘေးမကင်းသလို ပညာရှင် မဆန်ဘူးလို့ ပြောပါတယ်။ ဖိလစ်ပိုင် ပင်လယ်ထဲမှာ စစ်ဆင်ရေးလုပ်နေတုန်း ရုရှား ဖျက်သင်္ဘောက ဘေးမကင်းတဲ့ လုပ်ရပ်တွေ လုပ်ခဲ့တယ်လို့ အမေရိကန်ရဲ့ အမှတ်(၇) ရေတပ်သင်္ဘောစု ပြောခွင့်ရက ပြောပါတယ်။ ရုရှားစစ်သင်္ဘောရဲ့ လုပ်ရပ်ကြောင့် အမေရိကန် သင်္ဘောဟာ အင်ဂျင်အားလုံး အပြည့်ရပ်ပြီး မတိုက်မိအောင် ရှောင်ခဲ့ရတယ်လို့လည်း ပြောခွင့်ရ စစ်ဦးစီးမှူး ကလေတွန် ဒေါ့စ်က ပြောပါတယ်။ ကျန်ခဲ့တဲ့ ရက်ပိုင်းကလည်း ဆီးရီးယားနိုင်ငံနားမှာ ရုရှား တိုက်လေယာဉ်တစီးက အန္တရာယ်ရှိ ကင်းထောက်လေယာဉ်တစီးကို ဟန့်တားခဲ့အပြီး အမေရိကန်နဲ့ ရုရှားအစိုးရတို့ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up