မူးယစ်ဆေးဝါးများနှင့်အတူ ထိုင်းနိုင်ငံသားတဦးအား တာချီလိတ်တွင် ဖမ်းမိ
DVB
·
June 9, 2019
ထိုင်း-မြန်မာနယ် တာချီလိတ်မြို့နယ်တွင် ထိုင်းနိုင်ငံသားတဦးကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးမိတယ်လို့ ပြည်ထဲရေးက ဇွန် ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဇွန် ၇ ရက် ည ၇ နာရီက မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဂေါက်ကွင်းအနီးတွေ့ရှိသူ ထိုင်းနိုင်ငံသား MANOP LIMTIV (ခ )TAM (ခ) မာနွတ်လင်သု ကို စစ်ဆေးရှာဖွေရာ လက်ဆွဲအိတ်အတွင်းမှ အိုက်စ် ၁ ကီလိုနဲ့ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့တာပါ။
စစ်ဆေးချက်အရ တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်(က)၊ ခေတ္တာလမ်းသွယ်ရှိ ထိုင်းနိုင်ငံသားနေထိုင်တဲ့ အိမ်မှာ ထပ်မံရှာဖွေရာ ရေခဲသေတ္တာပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ပြားထပ်မံ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံသား MANOP LIMTIV (ခ)TAM (ခ)မာနွတ်လင်သု အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။