အမျိုးသမီးတဦးသေဆုံးမှု ၇ လကျော်ကြာမှ လူသတ်မှုဖြင့် ပြောင်းလဲအမှုဖွင့်
DVB
·
June 9, 2019
သာမန် သေမှုသေခင်းနဲ့ အမှုဖွင့်ထားတဲ့ ချမ်းမြသာစည်မြို့နယ်က အမျိုးသမီးတဦး သေဆုံးမှုကို ၇ လကျော်ကြာမှ လူသတ်မှုနဲ့ ပြောင်းလဲအမှုဖွင့်လိုက်တယ်လို့ ရဲက ပြောပါတယ်။
မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ မဟာမုနိဘုရားကြီး မြောက်ဘက်တိုက်တန်း၊ အခန်း ၇ မှာ နေထိုင်တဲ့ အမျိုးသမီးတဦးဟာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ရေချိုးခန်းအတွင်း သေဆုံးခဲ့တာပါ။
ဒီအမှုနဲ့ ပတ်သက်ပြီး ချမ်းမြသာစည်မြို့မရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ် ၉/၂၀၁၈ နဲ့ အမှု ရေးဖွင့်စစ်ဆေးခဲ့ရာက သေဆုံးမှုကို စစ်ဆေးတဲ့ ဆေးစာမှာ တစုံတဦးရဲ့ ပြုလုပ်မှုကြောင့် သေဆုံးတာဖြစ်တယ်လို့ သိရှိရတဲ့အတွက် ဇွန်လ ၇ ရက်နေ့က လူသတ်မှုပုဒ်မနဲ့ ပြောင်းလဲ အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ ချမ်းမြသာစည် မြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်ကျော်ကျော်ဦးက ပြောပါတယ်။
"ဆေးစာမရှင်းလင်းတဲ့အတွက် ဆုံးဖြတ်ရခက်ခဲနေလို့ နောက်ထပ် ပြန်မေးရတဲ့အတွက် နည်းနည်းကြန့်ကြာသွားတယ်။ မှုခင်းဆရာဝန်နဲ့ ဆွေးနွေးပြီးတော့ လူသတ်မှုနဲ့ ဖွင့်သင့်တယ် ထင်လို့ ဖွင့်လိုက်တာ။''
သေဆုံးသူဟာ ဦးခေါင်းနဲ့ လည်ပင်းမှာ ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့တာ လို့ မှုခင်းဆရာဝန်ကြီးက မှတ်ချက်ပြုထားပြီး ရင်ခွဲစစ်ဆေးချက်မှတ်တမ်းအား ထပ်မံတောင်းခံကြည့်တဲ့အခါ ယာချိုစောင်းပိုင်းနဲ့ ဦးနှောက်ငယ်တို့မှာ ဦးနှောက်အမှေးအောက် သွေးယိုစီးထားတာ၊ လည်ပင်းဝဲဘက်ခြမ်းမှာရှိတဲ့ ကြွက်သားတွေမှာ သွေးချည်ဥဒဏ်ရာ တွေ့ရှိတာ၊ ၀ဲ/ယာမေးရိုးအောက်ခြေ သွေးချည်ဥဒဏ်ရာတွေ တွေ့ရှိခဲ့တဲ့အတွက် မှုခင်းဆရာဝန်ရဲ့ သုံးသပ် ပြောကြားချက်အရ တစုံတဦးရဲ့ ပြုလုပ်မှုကြောင့် ရရှိတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတာကို ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
အခုလို စစ်ဆေးတွေ့ရှိရတဲ့အတွက် ချမ်းမြသာစည်မြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ် ကျော်ကျော်ဦးက တရားလို ပြုလုပ်ပြီး (ပ)၃၈၆/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရချမ်းမြသာစည် ရဲစခန်းမှာပဲ ပြောင်းလဲအမှုဖွင့်လှစ်ထားပါတယ်။ အဆိုပါအမှုနဲ့ ပတ်သက်လို့ အသေးစိတ်၊အခြေခံက စပြီး ပြန်လည်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
ထိန်ထိန်လင်း