Home
မေးမြန်းခန်း
အမွေဆက်ခံရေး (ဥပဒေရေးရာအမေးအဖြေ)
DVB
·
June 8, 2019
အမွေဆက်ခံရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ကနေ မေးမြန်းလာတာတွေကို ဥပဒေပညာရှင်၊ စာရေးဆရာ ဦးကျော်ဇေယျအား ဒီဗွီဘီသတင်းထောက် နေရီရီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ကျမတို့ နှစ်ယောက်စလုံးက အမျိုးသမီးတွေပါ။ တအိုးတအိမ်နဲ့ အတူနေလာကြတာ နှစ်ပေါင်း နှစ်ဆယ်ကျော်ပါပြီ။ တကယ်လို့ တယောက်ယောက် ကွယ်လွန်သွားပါက နောက်တယောက်က အမွေဆက်ခံခွင့် ရပါမည်လား။ ဥပဒေအရ ဆက်ခံခွင့်၊ ပိုင်ဆိုင်ခွင့်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို အကြံပြုစေလိုပါတယ်။ ဖြေ - တယောက်ယောက် ကွယ်လွန်သွားပါက နောက်တယောက်က အမွေဆက်ခံခွင့် ရနိုင်သလားဆိုတော့ သာမန်အားဖြင့်တော့ မရနိုင်ဘူးလို့ ဖြေရမှာပေါ့။ ဒါပေမယ့် ရနိုင်တဲ့ အခြေအနေတခုကတော့ ဥပမာ တယောက်ယောက် ဆုံးပါးသွားတယ်ဆိုပါစို့။ သူ့မှာ အမွေခံသားချင်းတွေ တယောက်မှမရှိဘူး၊ သာမန်ဆွေ မျိုးတွေတော့ ရှိကောင်းရှိမယ်။ ဒီသာမန်ဆွေမျိုးကလည်း သက်ရှိထင်ရှားရှိစဉ်အခါက သူ့ကို  ဥပက္ခာ ပြုထားတယ်။ တမင်ရည်ရွယ်ချက်နဲ့ ပစ်ပယ်ထားတဲ့ သဘောရှိတယ်ဆိုရင်၊ ဒီအမျိုသမီးဆုံးသွားရင် အဲဒီဆွေမျိုးတွေက အမွေမရနိုင်ပါဘူး။ ဆွေမျိုးမတော်စပ်သော်လည်းပဲ သာစဉ်၊ နာစဉ်မှာ လုပ်ဆောင်ပေးခဲ့တဲ့၊ ဆုံးသွားတဲ့အခါမှာလည်း နာရေးကိစ္စတွေကို ဆောင်ရွက်ပေးတဲ့ တစိမ်းက အမွေဆက်ခံခွင့် ရနိုင်တယ်ပေါ့။ ဒါကတော့ အမွေခံသားချင်းတွေမရှိမှ ရမယ့်အခြေအနေပေါ့။ “မမြနဲ့မောင်ကြွက်”ဆိုတဲ့ စီရင်ထုံး၊ စာမျက်နှာ ၂၂၈ လမ်း ညွန်ထားပါတယ်။ နောက်တခုကတော့၊ အမွေပေးချင်တာပေါ့။ သေတမ်းစာရေးခွင့်ရှိတော့ သေတမ်းစာမှာ ပေးခဲ့လို့ရတာပေါ့။ တကယ်လို့ သေတမ်းစာရေးခွင့်မရှိတဲ့ ဘာသာဝင်ဖြစ်တယ်ဆိုရင်တော့ သေတမ်းစာနဲ့ ပတ်သက်ပြီးပေးတဲ့ သူက မရပါဘူး။ ဒါပေမယ့် တကယ်ပေးချင်သပဆိုရင် သေတမ်းစာရေးခွင့်ရှိတဲ့ ဘာသာကို အပြီး ကူးပြောင်းလိုက်ပေါ့။ ပြောင်းလိုက်မယ်ဆိုရင် အဲဒီဘာသာရဲ့ထုံးတမ်းအရ သေတမ်းစာရေးပြီး ပေးခဲ့နိုင်တဲ့အခြေအနေ ရှိပါတယ်။ ဒါကတော့ သူတို့ ဆင်ခြင်စဉ်စားပြီး ရနိုင်မယ့်အခြေအနေကို အကြံပေးတင်ပြခြင်း ဖြစ်ပါတယ်။ မေး - ကျမက ဒုတိယအိမ်ထောင်ပါ။ ပထမအိမ်ထောင်ရှိပေမယ့် ယောကျာ်းဖြစ်သူနဲ့ လွန်ခဲတဲ့ ဆယ်နှစ်ကျော်ကတည်းက တရားဝင် လက်မှတ်ထိုးပြီး ပေါင်းသင်းခဲ့တာဖြစ်ပါတယ်။ သားသမီးထွန်းကားခြင်းမရှိပါဘူး။  ပြောရမယ်ဆိုရင် အိမ်ထောင်နှစ်ခုစလုံးကို တအိုးတအိမ်စီ ထူထောင်ပြီး ပေါင်းသင်းနေထိုင်တာပါ။ ဒါပေမယ့် သူက ကျမနဲ့ပေါင်းသင်းပြီးနောက်ပိုင်း ရလာတဲ့ ၀င်ငွေအချို့ကို ပထမအိမ်ထောင်က မိသားစုဝင်တွေနဲ့ အမည်နဲ့ ကျမမသိအောင် ၀ယ်ယူလေ့ရှိပါတယ်။ ကျမကိုတော့ အိမ်စရိတ်လောက်ပဲပေးတာပါ။ တကယ်လို့ အမျိုးသားဖြစ်သူ မရှိတော့တဲ့အချိန်မှာ ပထမအိမ်ထောင်မိသားစုဝင်တွေရဲ့ အမည်ခံဝယ်ယူထားတဲ့ ပစ္စည်းတွေ အပေါ် အမွေဆက်ခံခွင့်ရှိ၊ မရှိသိလိုပါတယ်။ လက်ထက်ပွားဖြစ်ကြောင်း သက်သေပြစရာလည်း မရှိတဲ့အတွက် ဖြစ်ပါတယ်။ ဖြေ - မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ထောက်ပံ့သူနဲ့ မှီခိုသူဆိုတာရှိပါတယ်။ ဒုတိယ ဇနီးက ခင်ပွန်းကို မှိခိုနေရတဲ့သူဖြစ်တယ်ဆိုရင် အခွင့်အရေးနည်းပါတယ်။ ယောက်ျားဖြစ်သူက သူကိုယ်တိုင်ရှာတဲ့ပ စ္စည်းကို သူ့ကိုယ်တိုင် သုံးစွဲခွင့်ရှိတယ်ဆိုတဲ့ သဘောပါတာပေါ့။  တကယ်လို့ နှစ်ယောက်စလုံး အတူရှာဖွေပြီး ရလာတဲ့ ပစ္စည်းဆိုရင်တော့ လင်ယောက်ျားဟာ ပထမဇနီးကို ပေးချင်တိုင်းပေးလို့မရတဲ့ သဘောပေါ့။ အဲဒီတော့ မေးခွန်အရ ပစ္စည်းတွေ ဝယ်ပေးတယ်ဆိုတော့၊ သဘောပေါက်ဖို့ကတော့ အမည်ငှားနဲ့ဝယ်ပေးတာလား၊ တကယ်ဝယ်ပေးတာ လားဆိုတာ သေသေချာချာ သိဖို့လို့ပါတယ်။ တကယ်ဝယ်ပေးတယ်ဆိုတာက ပထမဇနီးရဲ့ သားချင်းတွေကို သူတို့နာမည်နဲ့ ပစ္စည်းတွေဝယ်ပေးတယ်။  ဒါကတော့ သူ့မှာပေးပိုင်ခွင့်ရှိတာပေါ့။ အမည်ငှားစနစ်ဆိုတာကျတော့ ဥပမာ လုပ်ငန်းသဘောအရ သူကဝန်ထမ်း ဖြစ်ချင်ဖြစ်မယ်၊ အရာရှိဖြစ်ချင်ဖြစ်မယ်၊ ပစ္စည်းလာစစ်တဲ့အခါမှာ များပြားတဲ့ ပစ္စည်းဥစ္စာတွေ တွေ့မှာစိုးလို့ တခြားသူနာမည်နဲ့ ဝယ်ထားတာ။ အမည်ငှားစနစ်နဲ့ ဝယ်ပေးတယ်ဆိုရင် ငွေထုတ်တာသူကထုတ်မယ်၊ တခြား သူနာမည်ခံမယ်၊ ဒါပေမဲ့ သူ့ကို ပိုင်ဆိုင်ခွင့်မပေးဘူး။ ပိုင်ဆိုင်ခွင့်က ကိုယ်ပဲယူထားမှာ။  ပစ္စည်း ရဲ့လက်ရှိဖြစ်မှုကလည်း ကိုယ်ပဲယူထားတယ်ဆိုရင် ဒါက အမည်ငှားစနစ်လို့ ပြောလို့ရပါတယ်။ ဒီနှစ်ခုကို သဘောပေါက်ဖို့လို့ ပါတယ်။ ဒီတော့ အပြီးတခါတည်းပေးတာမျိုးပေါ့၊ မေတ္တာနဲ့ပေးတာမျိုးကျတော့ အမွေခွဲတဲ့နေရာမှာ ထည့်ထွက်ရတာ တော်တော်ခက်သွားပြီ။ ဒါပေမယ့် သူမရှိလို့ အမွေခွဲတဲ့အခါမှာ အမည်ငှားနဲ့ ဝယ်ပေးထားတဲ့ ပစ္စည်းတွေ ရှိနေတယ်ဆိုရင်၊ သူ့ရဲ့ အမွေပစ္စည်းထဲမှာပါ ပါတယ်။ ကွယ်လွန်သူရဲ့ အမွေပစ္စည်းထဲမှာ ပါတဲ့အတွက် အမွေကျန် ပစ္စည်းအနေနဲ့ ထည့်သွင်းပြီးတော့ ခွဲဝေလို့ရတယ်လို့ အကြံပေးချင်ပါတယ်။ မေး - လွန်ခဲ့တဲ့ ခြောက်လလောက်က ကျမရဲ့ တူမလင်မယားနှစ်ယောက်စလုံး ယာဉ်မတော်တဆဖြစ်ပြီး ကွယ်လွန်ခဲ့ပါတယ်။ သားသမီးများ မထွန်းကားသေးပါ။ သူတို့မှာ ပိုင်ဆိုင်မှုတွေ ကျန်ခဲ့ပါတယ်။ နှစ်ဖက်မိဘဆွေမျိုးသားချင်းတွေလည်း ရှိကြတဲ့အတွက် ကျန်ရစ်တဲ့ ပစ္စည်းတွေကို ဘယ်လို အမွေခွဲရမလဲဆိုတာကို အကြံပြုစေချင်ပါတယ်။ ဖြေ - ဒါနဲ့ ပတ်သက်လို့ မနုကျယ်ဓမ္မသတ်မှာပါ ပါတယ်။ ဒသမတွဲ၊ အခန်း ၃၂ မှာ တချိန်တည်းမှာပဲ (သို့) ရက်နည်း နည်းလေးပဲခြားပြီးတော့ လင်နဲ့မယား ဆုံးပါးသွားတယ်ဆိုရင် ဆက်ခံရမယ့်အမွေနဲ့ ပတ်သက်ပြီး ဘယ်လိုလမ်းညွှန်ထားလဲဆိုတော့ .. ဥပမာ ဇနီးမှာ အိမ်ထောင်မပြုခင်က ပါလာတဲ့ ပါရင်းပစ္စည်းရှိတယ်ဆိုရင် ဇနီးရဲ့ မိဘတွေက ရပါတယ်။ ယောက်ျားလေးမှာ ပါရင်းပစ္စည်းပါလာရင်လည်း သူရဲ့မိဘများက ယူစေလို့ ဓမ္မသတ်မှာ ပြထား ပါတယ်။ နောက်တခါ လက်ထက်ပွားပစ္စည်းတွေ ရှိတယ်ဆိုရင်၊ အချိုးကျခွဲဝေပြီး မိန်းကလေးရဲ့ မိဘတွေကတချိုး ယူပါတယ်။ ယောက်ျားလေးရဲ့မိဘတွေက တချိုးယူပါတယ်။  ဓမ္မသတ်က အဲလို လမ်းညွှန်ထားပါတယ်။ မေး - မိဘများမကွယ်လွန်ခင်က သားသမီးတွေကို နှုတ်ကတိအရ ခွဲဝေပေးထားတဲ့ အမွေပစ္စည်းတွေနဲ့ ပတ်သက်ပြီး မိဘကွယ်လွန်ပြီးချိန်မှာ သားသမီးတယောက်ယောက်က အမွေခွဲဝေပေးစေလိုမှုနဲ့ တရားရုံးမှာ လျှောက်လို့ရပါသလား။ ဖြေ - မိသားစုစီမံမှုလို့ ခေါ်တာပေါ့။ မိဘတွေဆုံးတဲ့အခါမှာ အမွေကို မစီစဉ်ခဲ့ဘူးဆိုရင် အမွေမှုတွေ၊ သဘောထားကွဲလွဲမှုတွေ ဖြစ်ကြမယ်။ ဒါကြောင့် မိဘတွေက သူတို့မဆုံးခင်မှာ အမြော်အမြင်ကြီးစွာနဲ့ တခါတည်း ခွဲပေးထားတာ။ သူတို့ ဆုံးပါးသွားမှ ပိုင်ရမယ်ဆိုတဲ့ သဘောမဟုတ်ပါဘူး။ ဒါက သေတမ်းစာသဘောမျိုး သက်ရောက်သွားမယ်။ ဒီလိုခွဲပေးထားတာကို  နှုတ်ပဋိညာဉ်နဲ့ ခွဲပေးတာ တရားဝင်တယ်လို့ “မကျော်နဲ့ မကြေးအို”၊ ၁၉၃၅ ရန်ကုန်စီရင်ထုံး စာမျက်နှာ ၅၅၅ မှာ အတိအလင်း ဆိုထားပါတယ်။ ဒါပေမယ့် ပြဿနာရှိတာက မိသားစုစီမံမှုကို စာချုပ်အနေနဲ့ ချုပ်တဲ့အခါမှာ အရင်က ၁၀၀ နှင့်အထက် မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းပါလာရင် မှတ်ပုံတင် (Register) လုပ်ရတယ်။ မလုပ်ရင် ဒီစာချုပ်က တရားမဝင်ပါဘူး။ အခု ၂၀၁၈ မှာ စာချုပ်စာတမ်း ဥပဒေအသစ် ပြဋ္ဌာန်းလိုက်တယ်။ ဒီဥပဒေ၊ ပုဒ်မ ၁၇ (စ )မှာ မိသားစုစီမံမှုစာချုပ် ချုပ်ဆိုရင် မှတ်ပုံတင်ရင်လည်းရတယ်၊ မတင်ရင်လည်း ရတယ်လို့ ဆိုထားပါတယ်။ စာချုပ်ချုပ်လည်း တရားဝင်တယ်။ စာချုပ်မချုပ်လည်း စောစောက ပြောတဲ့ နှုတ်ပဋိညာဉ်နဲ့ပဲ တရားဝင်ပါတယ်လို့ ဖြေကြားချင်ပါတယ်။ မေး - ကျနော်တို့ရဲ့ တဦးသောသားက အိမ်ထောင်ပြုပြီး တနှစ်လောက်အကြာမှာ မတော်တဆဖြစ်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။ သားသမီးထောက်ခံလည်း မရှိပါ။ ကျနော်တို့ ကွယ်လွန်ချိန်မှာ ချွေးမဖြစ်သူက အိမ်ထောင်မပြုသေးဘူးဆိုရင် ကျန်ရစ်တဲ့ အမွေပစ္စည်းကို သူ့အနေနဲ့ ရထိုက်ပါသလားဆိုတာ သိလိုပါတယ်။ ဖြေ - သားက မိဘထက် အရင်ဆုံးသွားတယ်ဆိုတော့ သားပိုင်တဲ့ပစ္စည်းကို ချွေးမက ရမှာပေါ့။ ဒါပေမယ့် သားမရတဲ့ အမွေကတော့ သားမရှိတဲ့အတွက် သားဆီကို အမွေစည်းဆင်းဖို့ မရှိတော့လို့ ချွေးမဆီကိုလည်း သွားစရာအကြောင်း မရှိပါဘူး။ သားသမီးရှိလို့ မြေးရှိတယ်ဆိုရင်သာ မြေးအနေနဲ့ သွားမှာ။ သားသမီးမရှိတော့ မြေးဆီကိုလည်း မဆင်းဘူး။ နောက် သားဟာ မိဘထက်အရင် စောဆုံးတယ်။ မိဘတွေဆုံးတဲ့အခါမှာ စီးဆင်း စရာမရှိတော့တဲ့အတွက် ချွေးမဟာ အမွေဆက်ခံခွင့်မှာ အကြုံးမဝင်နိုင်ပါဘူးလို့ ဖြေကြားချင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024